ရန်ကုန်၊ ဒီဇင်ဘာ ၅
ပြည်ပ လေကြောင်းလိုင်းများ ဆိုက်ရောက်နှင့် ထွက်ခွာရာတွင် အခွန်ကောက်ခံပုံ ဥပဒေများ ထွက်ပေါ် လာနိုင်စေရန် အာရှဒေသတွင်း ပျံသန်း ပြေးဆွဲလျက် ရှိသော ပြည်ပလေကြောင်း ကုမ္ပဏီ များကို ခေါ်ယူတွေ့ဆုံကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။
အဆိုပါ လေကြောင်းလိုင်း များကို ဒီဇင်ဘာလ ၂ ရက်နေ့က အခွန်ဘုတ် အဖွဲ့ရုံးတွင် ခေါ်ယူ တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ယင်းတို့၏ လုပ်ငန်း အခြေအနေကို သိရှိရန် တွေ့ဆုံခြင်း ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က ပြောကြားသည်။
“သူတို့ကို တွေ့တာက အခွန်ပိုမို ရရှိစေဖို့ မဟုတ်ဘူး။ လက်ရှိ သူတို့လုပ်နေတာ ကျွန်တော်တို့ ပြဋ္ဌာန်းထားတဲ့ အခွန်ဥပဒေတွေနဲ့ ညီရဲ့လား၊ တိတိကျကျ လုပ်ရဲ့လား သိချင်လို့ တွေ့တာပါ” ဟု ၎င်းကဆိုသည်။
ပြည်ပ လေကြောင်းလိုင်းများ မြန်မာနိုင်ငံသို့ လာရောက်သည့်အခါ အခွန် ကောက်ခံရန်အတွက် အခွန်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် တွေ့ဆုံခြင်း ဖြစ်ကြောင်း ကုမ္ပဏီများ ဆိုင်ရာ အခွန်ဝန်ထမ်းကြီးများရုံး ဌာနမှူး ဦးတင်ထွန်းနိုင်က ပြောကြားသည်။
“ဒီမှာက ပြည်ပ လေကြောင်းလိုင်းတွေကို အခွန်ကောက်သာ ကောက်နေတာ။ ဥပဒေ သတ်သတ်မှတ်မှတ် မရှိဘူး။ အဲဒါကြောင့် အခွန်ဥပဒေ ဘယ်လို သတ်မှတ်မလဲ။ ပြီးတော့ နိုင်ငံတကာ ကောက်ခံနေတဲ့ ပုံစံအတိုင်း ဖြစ်အောင် လုပ်ဆောင်နိုင်ဖို့အတွက် သူတို့ အခွန်ကောက်ခံပုံက ဘယ်လိုလဲဆိုတာ သိချင်လို့။ ပြီးတော့ အခွန်ဥပဒေ သတ်မှတ်နိုင်ဖို့အတွက် ခေါ်တွေ့ခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
လေကြောင်းလိုင်းများအပြင် အခွန်ဘုတ်အဖွဲ့မှ နေ၍ ပြီးခဲ့သည့်နှစ် အတွင်းက အခွန်ထမ်း ၅၀၀ စာရင်းထဲ ပါဝင်သင့်ပါလျက် မပါဝင်ခဲ့သည့် ကုမ္ပဏီ ၁၃ ခုကိုလည်း ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။
ယင်းအပြင် အခွန်များများ ရနိုင်ရန် တစ်ဦးချင်းနှင့် ကုမ္ပဏီပိုင် စားသောက်ဆိုင် လုပ်ငန်းရှင် များကိုလည်း အခွန်ဘုတ်အဖွဲ့က ခေါ်ယူ တွေ့ဆုံခဲ့ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တစ်ဦးတည်းပိုင် ၁၅ ဆိုင်ကို ခေါ်တွေ့ခဲ့ကာ ကုမ္ပဏီပိုင်ဆိုင်၂၀ ခန့်ကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း အခွန်များဦးစီးဌာန (ရန်ကုန်) မှ ရန်ကုန်တိုင်းဒေသကြီး အတွင်း အခွန်များများ ရနိုင်သည့် နေရာများ အားလုံးကို လိုက်လံ စစ်ဆေးမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia
Post a Comment