Created on Sunday, 01 December 2013 19:10
နိုင်ငံတကာ ဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းမှာ တစ်အောင်စ ၁၂၀၀ အမေရိကန်ဒေါ်လာအထိ ဆက်လက်ကျဆင်း နေခဲ့ပြီး ပြည်တွင်းရွှေဈေးမှာလည်း ၁၁ လအတွင်း တစ်ကျပ်သားလျှင် ကျပ် ၉၉၀၀၀ အထိ ပြုတ်ကျနေပြီး ဈေးကွက်အတွင်း အ၀ယ်အေးနေကြောင်း သိရသည်။
နိုင်ငံတကာ ရွှေဈေးမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၆၅၆ အထိ ရှိခဲ့ရာမှ ယခုအခါ တစ်အောင်စလျှင် ၁၂၅၂ အမေရိကန်ဒေါ်လာ ၀န်းကျင်သာ ရှိတော့သည်အထိ စံချိန်တင် ကျဆင်းနေခြင်း ဖြစ်သည်။
ထို့အတွက် ပြည်တွင်းရွှေဈေးမှာလည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ အတွင်းက တစ်ကျပ်သားလျှင် ကျပ် ၇၆၂၀၀၀ အထိ ရှိနေရာမှ ယခု ဒီဇင်ဘာလ ၁ ရက်တွင် တစ်ကျပ်သားလျှင် ကျပ် ၆၆၃၀၀၀ အထိ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းရွှေဈေးကွက် အတွင်း၌ ယခုကဲ့သို့ ရွှေဈေး ကျဆင်းပါက ရွှေဝယ်စုသူ များပြားတတ်သော်လည်း ယခုအခါ ရွှေဝယ်စုကာ ဈေးကွက်အတွင်း ကစားသူများပင် ထပ်မံဝယ်ခြင်း မပြုတော့ပဲ ယခင်ဝယ်စု ထားသည်များကိုပင် အကျဈေးဖြင့် ပြန်လည်ရောင်းချမှုများ ရှိလာခဲ့သည်။
အဓိက အကြောင်းရင်းမှာ နိုင်ငံတကာ ရွှေဈေးကျဆင်းမှုမှာ အကျကြမ်းသည့် အခြေအနေ ဖြစ်နေသည့် အတွက်လည်း ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေကစားသူများ အနေဖြင့် ကိုင်မထားရဲသည့် အနေအထား ဖြစ်လာခဲ့သည်။
နိုင်ငံတကာ ရွှေဈေးကျဆင်းရခြင်း၏ အဓိက အကြောင်းရင်းမှာ အမေရိကန်နိုင်ငံ၏ ငွေကြေးမူဝါဒ အပြောင်းအလဲ၊ လစဉ်အမေရိကန်ဒေါ်လာ ဘီလျံဖြင့်ချီသည့် ငွေတိုက်စာချုပ် အရောင်းအ၀ယ် အလဲအလှယ်တို့၏ အခြေအနေ၊ တရုတ်နိုင်ငံ၏ ရွှေဝယ်ယူခြင်း ရပ်ဆိုင်းထားခြင်း စသည့်အကြောင်း အချက်များကြောင့် ကျဆင်းရခြင်း ဖြစ်သည်ဟုလည်း ပြည်တွင်းရွှေလုပ်ငန်း ရှင်များက သုံးသပ်ထားသည်။
ဧပြီလ အတွင်း၌ နိုင်ငံတကာ ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၈၈ ဒေါ်လာ ၀န်းကျင်အထိ ကျဆင်းခဲ့စဉ်က စံချိန်တင် ကျဆင်းခြင်းဟု ဆိုကြသော်လည်း ယခုအခါ အဆိုပါ စံချိန်ကို ကျော်လွန်၍ တစ်အောင်စ ၁၂၀၀ ဒေါ်လာ ၀န်းကျင်အထိ ထပ်မံ၍ စံချိန်တင် ကျဆင်းခြင်း ဖြစ်သည်။
အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.