0


ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်း ထောင့်ရှိ ဂန္ဒီ အထိမ်းအမှတ် အဆောက်အအုံ (ဂန္ဒီဟော) ကို အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်ဆောက်လုပ်ခြင်း မပြုရန် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးက ကန့်ကွက်စာ ပေးပို့ထားကြောင်း ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Yangon Heritage Trust) မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ဂန္ဒီအထိမ်းအမှတ် အဆောက်အအုံကို ၁၂ ထပ်ကွန်ဒို ပြင်ဆောက်ရန် ဂန္ဒီဟော ထိန်းသိမ်းရေး ဂေါပကအဖွဲ့နှင့် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု သဘောတူထားခြင်း ဖြစ်ပြီး ယင်းအဖွဲ့အစည်း နှစ်ခုထံ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ကန့်ကွက်ထားခြင်း ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။

အဆိုပါ အထိမ်းအမှတ် အဆောက်အအုံကို အထပ်မြင့်တိုက် ဆောက်လုပ်ခြင်းထက် ယခုအတိုင်း ဆက်လက် ထိန်းသိမ်းသင့်ကြောင်း ၄င်းက မှတ်ချက်ပြုသည်။
"စောင့်ရှောက်တဲ့ ဂေါပကအဖွဲ့နဲ့ ကန်ထရိုက်က လုပ်တယ်လို့ သိရပါတယ်။ အဆောက်အအုံက ဟောင်းနေပြီ ဆိုတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဒီအဆောက်အအုံက မြို့ရဲ့ ရင့်ကျက်ခြင်းကို ပြနေတာပဲ" ဟု ၄င်းကပြောသည်။

ရန်ကုန်မြို့ရှိ အိမ်ဈေးနှင့် မြေဈေးများ မြင့်တက်လာခြင်းနှင့် လူနေသိပ်သည်းခြင်းများ ရှိ၍ အထပ်မြင့် ဆောက်လုပ်ခြင်းများကို လက်ခံနိုင်သော်လည်း ယင်းအဆောက် အအုံသည် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ဆိုင်ရာကိစ္စများ၊ ဘာသာရေးနှင့် အခြား ပွဲလမ်းများကို လက်ခံ ကျင်းပနေသည့် အဆောက်အအုံတစ်ခု ဖြစ်သောကြောင့် ယင်းသို့လုပ်ဆောင်ရန် မသင့်ကြောင်း ၄င်းကဆိုသည်။

အဆိုပါ အဆောက်အအုံကို ၁၉၁၀ ခုနှစ် ကိုလိုနီခေတ်တွင် စတင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၁၉၅၅ ခုနှစ် ဖဆပလအစိုးရ လက်ထက်တွင် ဝန်ကြီးချုပ်ဦးနုက ဂန္ဒီအထိမ်းအမှတ် အဆောင်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ကိုလိုနီခေတ်က တည်းက စတင် ဆောက်လုပ်ခဲ့သော ဝန်ကြီးများ အဆောက်အအုံ၊ ကမ်းနားလမ်း နှင့် ဘဏ်လမ်းထောင့်ရှိ တရားရုံးချုပ်နှင့် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံ များကို ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းကြောင့် ဆန္ဒပြ ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်မြို့လယ် ပန်းဆိုးတန်း ဆိပ်ကမ်းတစ်လျှောက်ကို အထပ်မြင့် အဆောက်အအုံ မဆောက်လုပ်ရ နယ်မြေ အဖြစ် နိုဝင်ဘာလအတွင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ခဲ့သည်။

အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top