0


Mizzima Written by စ,ချိုကို Wednesday, 04 December 2013 10:44

ရွှေတိဂုံဘုရားပေါ်တွင် အခမဲ့အင်တာနက်သုံးစွဲနေသော ဘုရားဖူးဧည့်သည်တစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို)

ရွှေတိဂုံဘုရားသို့ လာရောက်သူများ အင်တာနက်အခမဲ့ အသုံးပြုနိုင်ရန်အတွက် Redlink ကုမ္ပဏီက အမြန်နှုန်း 2M ရရှိမည်ဖြစ်သော ၀ိုင်ဖိုင်အင်တာနက်စနစ် တပ်ဆင်ပေးမည်ဟု Redlink ကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောသည်။

အဆိုပါအင်တာနက်စနစ်ကို ဒီဇင်ဘာ ၆ ရက်မှစတင်၍ အသုံးပြုခွင့်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် စက်ပစ္စည်းများ တပ်ဆင်စမ်းသပ်အသုံးပြုနေပြီဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

ဦးမျိုးမြင့်ညွန့်က “ဘုရားရင်ပြင်တစ်ခုလုံးမှာ အင်တာနက်လိုင်း အခမဲ့အသုံးပြုနိုင်အောင် လုပ်ပေးထားမယ်။ အင်တာနက်လိုင်းကိုလည်း ၂၄ နာရီအချိန်ပြည့် ဖွင့်ပေးထားမှာဖြစ်ပြီး password ထားရှိခြင်းမရှိဘဲ စိတ်ကြိုက်အသုံးပြုနိုင်မှာပါ” ဟု ပြောသည်။

ရွှေတိဂုံဘုရားတွင် အင်တာနက်အခမဲ့အသုံးပြုနိုင်ရန်အတွက် အခြားကုမ္ပဏီများကလည်း လိုင်းများ တပ်ဆင်ပေးခဲ့ပြီး Redlink ကုမ္ပဏီ အနေဖြင့်လည်း ၀ိုင်ဖိုင်အင်တာနက်လိုင်းများ ထပ်မံတပ်ဆင်ပေးခြင်း ဖြစ်သည်။

ရွှေတိဂုံဘုရားရင်ပြင်တွင် ၀ိုင်ဖိုင်အင်တာနက်လိုင်း အခမဲ့အသုံးပြုနိုင်ရန် ပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ လမ်းမတော်မြို့နယ်နေ ကိုထူးအောင်က “အခုလို အများပြည်သူတွေ လာရောက်နိုင်တဲ့ ဘုရားတွေ၊ အပန်းဖြေနေရာတွေမှာ အင်တာနက် အခမဲ့အသုံးပြုနိုင်အောင်ပြုလုပ်ပေးလာတာ ကောင်းပါတယ်။ ဒါပေမဲ့ အသုံးပြုသူတွေ အဆင်ပြေအောင် အင်တာနက်မြန်နှုန်းမြင့်မားစွာနဲ့ လွယ်ကူစွာ အသုံးပြုနိုင်အောင် လုပ်ပေးသင့်တယ်” ဟု သူ၏အမြင်ကို ပြောသည်။

RedLink အနေဖြင့် ရွှေတိဂုံဘုရားအပြင် အင်းလျားကန်ပေါင်တွင်လည်း အင်တာနက်အခမဲ့အသုံးပြုနိုင် ရန်အတွက် ၀ိုင်ဖိုင်အင်တာနက်လိုင်း တပ်ဆင်ပေးထားသည်။

ယင်းအပြင် RedLink အနေဖြင့် ဆီးဂိမ်းအားကစားပြိုင်ပွဲ ကျင်းပမည့် ရန်ကုန်နှင့် ငွေဆောင်တို့ရှိ အား ကစားပြိုင်ပွဲနေရာများတွင်လည်း အင်တာနက်စနစ်အတွက် ၀န်ဆောင်မှုပေးထားသည်။ ဆီးဂိမ်းအတွင်း အခမဲ့အင်တာနက်အသုံးပြုနိုင်သည့်နေရာများမှာ ရန်ကုန်သုဝဏ္ဏ အားကစားကွင်း၊ အားကစားရုံ၊ သိမ်ဖြူ ကွင်း၊ မြောက်ဒဂုံသေနတ်ပစ်ကွင်းနှင့် MCC ခန်းမတို့ဖြစ်ပြီး ယင်းနေရာများတွင် အားကစားပြိုင်ပွဲ ကျင်းပပါက လာရောက်ကြည့်ရှုမည့် ပရိသတ်များပါ အခမဲ့အသုံးပြုနိုင်မည်ဖြစ်သည်။

အေးချမ်းမွန် Credit To >General Knowledge < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top