0

(Eternal Light Magazine, Volume 3 No.6, 2013 August)

(ထပ်ဆင့်မျှဝေပေးခြင်းအတွက် "မေတ္တာရိပ်" မှ ကျေးဇူးအထူးတင်ရှိပါတယ်။)
----------------------------------------------------

တစ်ခါတုန်းက ကျွန်မဟာ နာမည်ကျော် Belfour ကြေညာ ချက်ကိုရေးသူ ဗြိတိသျှနိုင်ငံရေးခေါင်းဆောင် Arthur James Belfour ရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ဖူးပါတယ်။ စာအုပ်ထဲမှာ ဒီပုဂ်္ဂိုလ်ရဲ့စရိုက် ပေါ်ပေါ်လွင်လွင်ရေးတာကို ကျွန်မ မဖတ်ရပါဘူး။ ဒီပုဂ်္ဂိုလ်ဟာ လူတွေနဲ့ အရောအနှော သိပ်နည်းလို့ ဒါမှမဟုတ် အတွေးအခေါ်သမား သိပ်ဖြစ်နေလို့ လူသားတစ်ယောက်ရဲ့ စရိုက်သဘာဝ ပေါ်ပေါ်လွင်လွင်မရှိတာလို့ ထင်ရပါတယ်။ အဲဒါမှမဟုတ်လို့ရှိရင်လည်း ဒီပုဂ်္ဂိုလ်ရဲ့ မပီဝိုးဝါးစရိုက်ကလေးတွေ ကို စာရေးသူက မထုတ်ဖော်နိုင်တာလို့ ထင်ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် “ပျော်ရွှင်တတ်သော ၀န်ကြီးချုပ်” အကြောင်းကို ဖတ်ရှုလေ့ လာရတဲ့အတွက် ကျွန်မ ကြိုက်နှစ်သက် ပါတယ်။ ကျွန်မ သူ့ကို ထူးထူးခြားခြား နှစ်သက်တဲ့အချက်ကတော့ သူဟာ သူ့ရဲ့နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တချို့ ကသိကအောက် ဖြစ်အောင် စိတ်ပိုင်းဒဿန ဆန်ဆန် ပြောချင်ဆိုချင် တတ်တာရှိပေမယ့် စုံထောက်ဇာတ်လမ်းတွေကို ကြိုက်ရကောင်းမှန်းသိတဲ့ အချက်ပါပဲ။


သူက ကောင်းကောင်းအနားယူဖို့ အကောင်းဆုံးနည်းလမ်း ဟာ သီတင်းပတ်ကုန်အားလပ်ရက်တွေမှာ တစ်နေရာရာကို အလည်အပတ် ထွက်ခြင်း မဟုတ်ဘူး။ နေအိမ်မှာ စုံထောက် ဇာတ်လမ်း ၀တ္ထုတစ်ပုဒ်ကို ဖတ်ခြင်းပဲလို့ လူငယ်အမျိုးသား တစ်ယောက်ကို အကြံပြုဖူးတယ်လို့ ဆိုပါတယ်။ (သို့မဟုတ် ၀တ္ထုသုံးလေးပုဒ်လို့ပြောတာလည်း ဖြစ်နိုင်ပါတယ်။) ဘာပဲဖြစ်ဖြစ် ဒီအကြံပေးချက်ဟာ သိပ်ကောင်းတယ်လို့ ကျွန်မယူဆပါတယ်။ စိတ်လက်အညောင်းအညာ အပြေဆုံးမို့ ကျေနပ်ခဲ့ရတဲ့ အားလပ်ရက်တချို့ ကိုပြောပြပါဆိုရင် လုပ်စရာကိုင်စရာ အလုပ်အားလုံး ပြီးစီးသွားပြီဆိုတဲ့ အသိစိတ်လေးနဲ့ လျှို့ဝှက်သည်းဖို စုံထောက် ဇာတ်လမ်းတစ်ပုဒ်မှာ နစ်မျောရင်း တိတ်ဆိတ်စွာ အနားယူရတဲ့ အားလပ်ရက်တွေပဲ ဖြစ်ပါတယ်။

ကျွန်မ စုံထောက်ဇာတ်လမ်းနဲ့ ပထမဦးဆုံး စတင်ထိတွေ့ရ တာကတော့ ထုံးစံအတိုင်း Sherlock Holmes ၀တ္ထုကို ဖတ်ခဲ့လို့ပဲဖြစ်ပါတယ်။ ကျွန်မ ကိုးနှစ်လောက် အရွယ်ရှိတဲ့ အချိန်မှာ ကျွန်မရဲ့ အစ်ကိုဝမ်းကွဲ တစ်ယောက်က ကျွန်မကို Blue Carbuncle ၀တ္ထုကိုပြောပြပြီး စွဲကျန်ရစ်အောင် လုပ်ခဲ့ပါတယ်။ အဲဒီနောက် သိပ်မကြာပါဘူး။ ကျွန်မဟာ Big Red Apples အကြောင်းအပါအ၀င် Bugs Bunny ရဲ့ ရယ်ရွှင်ဖွယ်ရာ အမူအရာလုပ်ပုံတွေကို ရေးဖွဲ့တဲ့ စာအုပ်တစ်အုပ်ကို လက်ဆောင်လား အငှားလား ရခဲ့ပါတယ်။ ဖတ်ကြည့်တဲ့အခါမှာ အဓိပ္ပာယ်မရှိ ပေါ့ပျက်ပျက် ဇာတ်လမ်းကို သတိပြုမိပါတယ်။ စုတ်ပြဲနေတဲ့ ဦးထုပ် ဟောင်းတစ်လုံးကို သေသေချာချာ ကြည့်လိုက်ရုံနဲ့ ပိုင်ရှင်ဟောင်းရဲ့ ရုပ်ပုံပန်းနဲ့ စိတ်နေစိတ်ထား ကိုရော၊ ငွေရေးကြေးရေး အခြေအနေတွေကိုရော၊ အိမ်ထောင်ရေး အဆင်မပြေပုံကိုရော ဆုံးဖြတ်နိုင်တဲ့ လူတစ်ယောက်ရဲ့ အတွေ့အကြုံဆန်းတွေကို Bugs Bunny ရဲ့ အတွေ့အကြုံဆန်းတွေက ဘယ်လိုလုပ်ပြီး ယှဉ်နိုင်ပါ့မလဲ။ စုံထောက်တွေဟာ လူပုံဆောင်ထားတဲ့ တိရစ္ဆာန်တွေထက် အဆပေါင်းများစွာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတယ်။ လူကိုပိုပြီး စိတ်လှုပ်ရှားမှုတွေ ကို ပေးနိုင်တယ်လို့ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်။


စုံထောက်ဝတ္ထုဆိုတာထက် လျှို့ဝှက်သည်းဖိုဇာတ်လမ်း အဖြစ်နဲ့ စဉ်းစားတတ်လာတဲ့အရွယ်မှာပင်လျှင် ကျွန်မ ငယ်စဉ်ဘ၀ကတည်းက နှစ်ခြိုက်စွဲလမ်းခဲ့တဲ့ Sherlock Holmes ကို အကြိုက်ပေါ့သွားခြင်း မရှိပါဘူး။ Baker Street လမ်းက ပိန်ပိန်ပါးပါး စကားနည်းနည်းပုဂ်္ဂိုလ်ကြီး ဟာ Philip Marlowe ၀တ္ထုထဲက အလွတ် စုံထောက်တွေနဲ့ရော၊ အမှုလိုက်အရာရှိ Grant နဲ့ Dalgleish တို့လို ထက်ထက်မြက်မြက် ရိုးရိုးကုပ်ကုပ် အမျိုးအစားတွေနဲ့ရော ယှဉ်နိုင်ပါတယ်။ ပြင်သစ် အနုပညာရှင်သွေး နည်းနည်း နှောနေခြင်း (အနုပညာ သွေးသည် အထူးဆန်းဆုံးအသွင်ကို ဆောင်တတ်၏)ကြောင့်လည်း သူဟာ Hercule Poirot တို့လို အသွင်အပြင် ထူးခြားတယ်ဆိုတဲ့ စုံထောက်တွေထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကျတော့ သီတင်းပတ်ကုန်အားလပ်ရက်မှာ လျှို့ဝှက်သည်းဖိုဖတ်ပြီး စည်းစိမ်ခံလို့ ကောင်းတယ် ဆိုတာ စုံထောက် ဒါမှမဟုတ် သူလျှိုဇာတ်လမ်းကြောင့်ချည်း မဟုတ်ပါဘူး။ ဇာတ်အိမ်ရှုပ်ထွေးတာနဲ့ အသည်း တထိတ်ထိတ်ခံစားရတာတွေအပြင် အရေးအသားတို့၊ ဇာတ်အိမ်ကိုဖြစ်ပေါ်စေတဲ့ အသေးအမွှား ကလေးတို့၊ သာမည ဇာတ်ကောင်တွေရဲ့ စိတ်ဝင်စားစရာတို့ကလည်း လျှို့ ၀ှက်သည်းဖိုဖတ်ရတဲ့ အရသာကို ထူးခြားစေပါတယ်။

အမှုလိုက်အရာရှိ Maigret ဟာ ကျွန်မအလွန်နှစ်ခြိုက်တဲ့ ဇာတ်ကောင်ဖြစ်သလို သူ့ရဲ့ဇနီး Madame Maigret ကိုလည်း ပိုလို့တောင် နှစ်ခြိုက်ပါသေးတယ်။ သူမဟာ အမြဲတမ်းချက်ပြုတ်နေပြီး၊ အိုးခွက်ပန်းကန်တွေကို အမြဲတမ်း တိုက်ချွတ်ဆေးကြောနေပြီး သူမရဲ့ ခင်ပွန်းကို ကလေးလို အမြဲတမ်းတယုတယပြုစုနေတဲ့ သူမရဲ့ အရေးပါပါ စိတ်ချမ်းသာ ကိုယ်ချမ်းသာ အခန်းတွေ တော်တော်များများ ပါဝင်တဲ့ ဇာတ်လမ်းတွေကို ကျွန်မအကြိုက်ဆုံးပါပဲ။ Maigret ဇနီးမောင်နှံရဲ့ အိမ်တွင်းရေးအဖြစ်အပျက်တွေထက် ပိုလို့တောင်ကြိုက် ရသေးတာက ပါရီမြို့ရဲ့ ရှုခင်းတွေ၊ အငွေ့အသက်တွေကို သရုပ်ဖော်ပုံနဲ့ အစားအသောက်ကိုခုံမင်တဲ့ အမှုလိုက် အရာရှိ နှစ်နှစ်ခြိုက်ခြိုက် စားသောက်တဲ့ စားဖွယ်သောက် ဖွယ်တွေကို ရေးဖွဲ့ပုံဖြစ်ပါတယ်။ သူ အမှုလိုက် စုံစမ်းနေစဉ် အတွင်း တွေ့တဲ့စားသောက်ဆိုင် ကလေးတွေဟာ Elizabeth David ရဲ့ ပြင်သစ် ကျေးလက်ဟင်းချက်နည်း စာအုပ်ထဲမှာ ပါတဲ့ အနံ့အရသာပြည့်စုံလှ တဲ့ ရှေးရိုးအစားအစာတွေကို ချက်ပြုတ်ရောင်းချတဲ့ ဆိုင်တွေဖြစ်ပုံရပါတယ်။


အခုအခါမှာ စိတ်ရှိသလို အချိန်မရတော့ပေမယ့် မီးဖိုချောင်ထဲမှာ တီထွင်ချက်ပြုတ်လုပ်ကိုင်ရတာကို ကျွန်မဟာ နှစ်ခြိုက်တဲ့အတွက် ၀တ္ထုထဲက ဇာတ်ကောင်တွေရဲ့ ကြိုက်တတ်တဲ့ အစားအစာတွေကို ကျွန်မ စိတ်ဝင်စားတာ ဖြစ်ဖွယ်ရှိပါတယ်။ နှစ်ပေါင်းများစွာက ကျွန်မဖတ်ခဲ့ပြီး အခုခေါင်းစဉ် မေ့သွားတဲ့ သူ့ရဲ့ အတွေ့အကြုံဆန်း ၀တ္ထုတစ်ပုဒ်မှာ Maigret က သူ နွားအသည်းကို မကြိုက်ကြောင်းပြောခဲ့တာရယ်၊ နောက်တစ်ပုဒ်မှာတော့ မိန်းမကို ကြိုက်သလိုကြိုက် တဲ့ နွားအသည်းပူပူနွေးနွေးထက် ပိုကြိုက်တာ ကိုပြောပါဆိုရင် နွားအသည်းဟင်း အေးစက်စက်ပါပဲလို့ ပြောခဲ့တာတွေကို ကျွန်မ မှတ်မိနေသလိုရှိပါတယ်။ သူ့ရဲ့အမှုတစ်ခုလို စိတ်ဝင် စားစရာကောင်း တဲ့ ရှေ့နောက် မညီတဲ့အချက်တစ်ချက်ပါ။


ကျွန်မဖတ်ဖူးတဲ့ Nero Wolfe ရဲ့ဇာတ်လမ်းတွေထဲမှာ ဇာတ်အိမ်တစ်ခုကိုမှ ကျွန်မ သဲသဲကွဲကွဲ မမှတ်မိ တော့ပါဘူး။ သူ့ရဲ့ ဆွစ်လူမျိုး စားဖိုမှူးတို့ အစားစကား ဖောင်ဖွဲ့ကြပုံ ဖတ်ရ တဲ့ အရသာကတော့ စွဲပြီးကျန်ခဲ့ပါတယ်။ ဒီဗိုက်ရွှဲကြီးနဲ့ အလွတ်စုံထောက်က ဘုရားရှိခိုးကျောင်း ရန်ပုံငွေဈေးရောင်း ပွဲ တစ်ခုမှာ ကြက်သားကို အတုံးသေးသေးချက်ပြီး အချဉ်ရည်နဲ့ ဂျုံမှုန့်လုံးနဲ့ သူစားခဲ့ရပုံ ချီးကျူးလို့မကုန်အောင် ညွှန်းထားတာကို ကျွန်မဖတ်ခဲ့ရလို့ အဲဒီ ရိုးရိုးနဲ့ အရသာရှိတဲ့စားဖွယ်ကို ကျွန်မကိုယ်တိုင် ချက်တတ်ခဲ့တာပါ။
လျှို့ဝှက်သည်းဖိုဇာတ်လမ်းတွေကို ဖတ်တယ်ဆိုတာ အစားအစာတွေအကြောင်း မှတ်သား လောက်အောင် ရေးဖွဲ့ ထားတာကို ဖတ်ချင်လို့တော့ မဟုတ်ဘူး။ George Smiley ဟာ စားတယ် သောက်တယ် ဆိုတာမှ ရှိရဲ့လား ကျွန်မတော့ မမှတ်မိပါဘူး။ ဘာလင်မြို့မှာ လုပ်ကိုင်ကြတဲ့ သူလျှို လုပ်ငန်းအကြောင်း ဖတ်တဲ့အခါမှာလည်း Len Deighton ဟင်းချက်နည်း စာအုပ်တွေ ရေးဖူးတယ် ဆိုတာကို သတိမရ ပါဘူး။ Dick Francis ကျတော့ လူတွေရဲ့ အစားအစာတွေ ထက် မြင်းအစာတွေ အကြောင်းကိုဖော်ပြရင်း သူ့ရဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကို ချပါတယ်။ ဒါပေမဲ့ သွက်လက်တဲ့ ဇာတ်လမ်းဆွဲဆောင်မှုက လျော့ပါးသွားခြင်း မရှိပါဘူး။


အင်္ဂလိပ် အမျိုးသမီးတွေက ဘာဖြစ်လို့ စိတ်ကူးယဉ်ပြစ်မှု ဇာတ်လမ်း ကောင်းကောင်းတွေကို ရေးထုတ်နိုင်တာလဲ။ ကျွန်မ Dorothy Sayers, Josephine Tey, P.D. James နဲ့ Ruth Rendell တို့ကို စဉ်းစားမိပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ စာတမ်းတွေသာမက စာအုပ်တွေတောင် ရေးပြီးလောက်ဖွယ်ရှိပါတယ်။ ဒီပဟေဠိဟာ ကျွန်မ အားလပ်ရက် အပျင်းပြေ စာဖတ်ဖို့ အချိန်ရလာတဲ့ တစ်ချိန်ချိန်မှာ စဉ်းစားတွေးတော ခွင့်ရချင်တဲ့ ပဟေဠိဖြစ်ပါတယ်။ အခု လောလောဆယ်မှာတော့ ဇာတ်လမ်းအရှုပ် အထွေးတွေကို ရှင်းလင်းနိုင်တဲ့ စွမ်းရည်သတ်္တိ အချိန်ပြည့်အသုံးချဖို့ အတွက် မြန်မာ့နိုင်ငံရေးမှာ အရှုပ်အထွေးတွေဟာ လုံလောက်အောင် ရှိလို့နေပါတယ်။

အောင်ဆန်းစုကြည်
ဇူလိုင်(၂၂)ရက်၊ ၁၉၉၆

မူရင်း မေတ္တာရိပ်

အေးချမ်းမွန် Credit To > Daw Aung San Su Kyi https://www.facebook.com/excellencemedia

Post a Comment

 
Top