မြန်မာငွေစက္ကူပေါ်မှ တိရစ္ဆာန်ရုပ်များအစား ဗိုလ်ချုပ်အောင်ဆန်းပုံကို ပြန်မြင်တွေ့ခွင့်ရဖို့ နီးစပ်လာပါပြီ။ လွှတ်တော်အမတ်ဦးသိန်းညွန့်က ငွေစက္ကူများပေါ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပြန်လည်အစားထိုးထုတ်ဝေရန် တိုက်တွန်းသောအဆိုကို ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ဗဟိုဘဏ်မှ နောင်ထုတ်ဝေမည့် ငွေစက္ကူများတွင် ထင်ရှားသော နိုင်ငံ့ခေါင်းဆောင်များ၏ပုံကို အစိုးရအဖွဲ့သဘောတူညီချက်ဖြင့် ရိုက်နှိပ်သွားမည်ဟု နိုဝင်ဘာ ၁၄ ရက်က ဖြေကြားခဲ့၍ဖြစ်သည်။
စစ်အစိုးရလက်ထက်တွင် ပြည်သူ့ဆန္ဒမေးမြန်းစူးစမ်းမှုမလုပ်ခဲ့ဘဲ အာဏာအလွဲသုံးကာ ကျပ်ငွေပေါ်တွင် ခြင်္သေ့ရုပ်နှင့် ဆင်ရုပ်များတင်ခဲ့မှုကို ယနေ့အထိ ကျွန်ုပ်တို့သဘောမတူ၊
မမေ့နိုင်သေးပါ။ ထို့ကြောင့် စနစ်ပြောင်းနေပြီဆိုသော သမ္မတဦးသိန်းစိန်အစိုးရအတွက် ဒီမိုကရေစီစနစ် လက်တွေ့ကျင့်သုံးနေသည်ဟု သက်သေပြနိုင်ရန် သည်တစ်ကြိမ်တွင် ပြည်သူ့ဆန္ဒသဘောထားကို အလေးထားရန်လိုပါသည်။
ဦးနေ၀င်းအစိုးရက ပြည်သူ့အကျိုးတစ်ချက်လှည့်မကြည့်ဘဲ ငွေစက္ကူအချို့ တရားမ၀င်ငွေအဖြစ် ဖျက်သိမ်းခဲ့ခြင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရက ပြည်သူတွေကိုဂရုမစိုက်ဘဲ အုပ်ချုပ်ရေးယန္တရားများကို နေပြည်တော်ရွှေ့ပြောင်းကာ ဘဏ္ဍာငွေထရီလီယံချီ၍ ဖြုန်းတီးခဲ့ခြင်း၊ နိုင်ငံတော်အလံကို ထင်သလိုပြောင်းလဲပစ်ခဲ့ခြင်း စသည်တို့ကြောင့် ပြည်သူ့မေတ္တာကို ဘယ်သောအခါမှ ရရန်မရှိပါ။ ယခင်အစိုးရအဆက်ဆက် မှားယွင်းခဲ့မှုများကို လက်ရှိအစိုးရ သင်ခန်းစာယူရန်လိုပါသည်။
ဒီမိုကရေစီနိုင်ငံအများစုတွင် ၎င်းတို့ငွေကြေးပေါ်တွင် ဂုဏ်ပြုအပ်သော နိုင်ငံခေါင်းဆောင်ဟောင်းများနှင့် နိုင်ငံအကျိုးသယ်ပိုးခဲ့သော ပုဂ္ဂိုလ်များ၏ရုပ်ပုံများကိုသာ အသုံးပြုလေ့ရှိသည်။ ကမ္ဘာ့စူပါပါဝါ အမေရိကန်နိုင်ငံ၏ဒေါ်လာပေါ်တွင် ကွယ်လွန်ခဲ့ပြီးသော အမေရိကန်သမ္မတဟောင်းများထဲမှ နာမည်ကောင်းဖြင့် ထင်ရှားသူများကို ရွေးချယ်အသုံးပြုလေ့ရှိသည်ကို တွေ့ရသည်။ သမ္မတဟောင်းများအပြင် ဘင်ဂျမန်ဖရန်ကလင်၊ အလက်ဇန်ဒါးဟာမီလ်တန်ကဲ့သို့ တိုင်းပြည်ဖခင်မျိုးကိုလည်း ရွေးချယ်ဂုဏ်ပြုလေ့ရှိသည်။
သို့သော်ခြွင်းချက်မှာ သက်ရှိထင်ရှားရှိနေသော ပုဂ္ဂိုလ်များ၏ရုပ်ပုံများကိုမူ အသုံးပြုလေ့မရှိ။ အမေရိကန်၏ ပထမဆုံးသမ္မတ ဂျော့ဝါရှင်တန်လက်ထက်တွင် နိုင်ငံက သူ၏ရုပ်ပုံကို
တစ်ဒေါ်လာတန်တွင် ရိုက်နှိပ်အသုံးပြုလိုသော်လည်း သမ္မတက ငြင်းပယ်ခဲ့ပြီးနောက် ထိုအစဉ်အလာဖြစ်ပေါ်လာခြင်းပင်။
အမေရိကန်ဆီမှ မြန်မာအတုယူသင့်သည်မှာ ငွေစက္ကူပေါ်တွင် အသုံးပြုမည့် ပုဂ္ဂိုလ်များရွေးချယ်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျရွေးချယ်သည့်အပြင် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အနုပညာကော်မရှင်တို့ထံမှ အကြံဉာဏ်ရယူပြီးမှ ကောင်းသတင်းဖြင့် ထင်ရှားသော ကွယ်လွန်ပြီးနိုင်ငံခေါင်းဆာင်များ တိုင်းပြည်ဖခင်များကို ရွေးချယ်အသုံးပြုမှုဖြစ်သည်။
ဗီယက်နမ်ကဲ့သို့ ကွန်မြူနစ်နိုင်ငံမှာပင် အမျိုးသားခေါင်းဆောင် ဟိုချီမင်းရုပ်ပုံ အသုံးပြုဂုဏ်ပြုထားလေသည်။ ထိုကြောင့် မြန်မာနိုင်ငံတွင်လည်း နာမည်ကောင်းဖြင့် ထင်ရှားကျော်ကြားသော၊ ပြည်သူများအားလုံး ချစ်ခင်မြတ်နိုးသော အမျိုးသားခေါင်းဆောင်တို့၏ ရုပ်ပုံများကိုသာ ရိုက်နှိပ်ဂုဏ်ပြုရပေမည်။ ပြည်သူများက မိမိတို့နိစ္စဓူဝကိုင်တွယ်အသုံးပြုသော ကျပ်ငွေပေါ်တွင် တန်ဖိုးထားမြင်တွေ့လိုသောပုဂ္ဂိုလ်မှာ အနည်းငယ်သာရှိပါသည်။ ထိုကြောင့် ငွေစက္ကူဒီဇိုင်းသစ်မရိုက်နှိပ်ခင် ပြည်သူ့ဆန္ဒမေးမြန်းဖို့၊ ပြည်သူ့အသံနားစွင့်ဖို့ မမေ့ပါနှင့်။
7Day News Journal
အယ်ဒီတာ့အာဘော်
အေးချမ်းမွန် Credit To >Latest Myanmar News

Post a Comment