0


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယား သမ္မတ H.E Mr. Tsakhiagiin Elbegdorj ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် နိုဝင်ဘာ ၁၉ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် I-12 တွင် တွေ့ဆုံခဲ့ကြသည်။

မွန်ဂိုလီးယားသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တွင် မွန်ဂိုလီးယား နိုင်ငံခြားရေးဝန်ကြီး၊ မွန်ဂိုလီးယား ဘဏ္ဍာရေးဆိုင်ရာ ၀န်ကြီးအပြင် အစိုးရအဖွဲ့မှ အခြားတာဝန် ရှိသူများ ပါဝင်ခဲ့ကြောင်း၊ ၎င်းအဖွဲ့နှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။

မွန်ဂိုလီးယား သမ္မတ H.E Mr. Tsakhiagiin Elbegdorj က ဒေါ်အောင်ဆန်းစုကြည်က မွန်ဂိုလီးယားနိုင်ငံ လာလည်စဉ် ကတည်းက ခင်မင်ပြီး အစ်မကြီး တစ်ဦးကဲ့သို့ သဘောထားကြောင်း၊ မွန်ဂိုလီးယားနိုင်ငံသည် မြန်မာနိုင်ငံနဲ့ တူသည့်အချက်များ ရှိကြောင်း၊ ဆိုဗီယက် ယူနီယံ၏ လက်အောက်ခံ ပုံစံမျိုးမှ လွတ်လပ်ရေးအတွက် ရုန်းကန်ခဲ့ရကြောင်း၊ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်း၊ ရွေးကောက်ပွဲ ကျင်းပခြင်းများ ပြုလုပ်ကာ ဒီမိုကရေစီနိုင်ငံ ပီပီပြင်ပြင်ဖြစ်ရန် ကြိုးစားခဲ့ရကြောင်း၊ ထို့အတူ မိမိတို့ နိုင်ငံတွင် မီဒီယာကို လွတ်လပ်ခွင့် ပေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ လှုပ်ရှားမှုကို အသိအမှတ်ပြု ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်ဟု အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ဦးဝင်းထိန်က ပြောကြားသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က "မွန်ဂိုလီးယား နိုင်ငံအား အတုယူစရာ ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ယခင်က နိုင်ငံရေး လှုပ်ရှားမှုအတွက် အင်မတန် ခက်ခဲကြောင်း၊ သို့သော် အခုလည်း ခက်ခဲစွာ ဆက်လက်လှုပ်ရှား နေဆဲဖြစ်ကြောင်း" ပြောကြားခဲ့သည်ဟု ဦးဝင်းထိန်က ဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့များအား မွန်ဂိုလီးယား နိုင်ငံသို့ ဖိတ်ခေါ်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ဗီဇာမလိုဘဲ သွားလာနိုင်ရန် အစိုးရချင်း သဘောတူညီမှု ရရှိခဲ့သဖြင့် ၀မ်းမြောက်ကြောင်း မွန်ဂိုလီးယား သမ္မတက ပြောကြားခဲ့သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ်အတွင်း မွန်ဂိုလီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး မွန်ဂိုလီးယား သမ္မတ H.E Mr. Tsakhiagiin Elbegdorj နှင့် တွေ့ဆုံခဲ့သည်။

မွန်ဂိုလီးယား သမ္မတ H.E Mr. Tsakhiagiin Elbegdorj သည် သမ္မတအဖြစ် တာဝန်မယူမီ ငယ်စဉ်က ဂျာနယ်လစ် တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဂိုလီးယား သမ္မတတို့ နေပြည်တော်၌ တွေ့ဆုံစဉ် (ဓာတ်ပုံ-NLD)

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top