0


စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ဒေသတွင် နှမ်း သီးနှံများ စတင်ရိတ်သိမ်းလျှက်ရှိပြီး ရာသီဥတု ကောင်းမွန်မှု မရှိခြင်းကြောင့် သီးနှံအရည်အသွေး လျော့ကျကြောင်း သိရှိရသည်။

လက်ပံတောင်းဒေသ၊ ဆာလင်းကြီး-ညောင်ပင်ကြီး ကားလမ်းအနောက်ဘက် ဆည်တည်း၊ ဇီးတော၊ မိုးကြိုးပြင်၊ ဖောင်းကတာ၊ ကျောက်ဖြူတိုင်၊ တုံ၊ တောကျောင်း၊ အလယ်တော၊ အလယ်ရွာ၊ လယ်တီစသည့် ကျေးရွာများတွင် နှမ်းသီးနှံများကို စတင် ရိတ်သိမ်းလျှက်ရှိရာ စတင် စိုက်ပျိုးချိန်ကာလက မိုးရွာသွန်းမှု များပြားခဲ့ခြင်းကြောင့် သီးနှံအရည်အသွေး ကျဆင်းခဲ့ကြောင်း သိရှိရသည်။

"ဒီနှစ်နှမ်းက အရင်နှစ်လောက် မကောင်းဘူး။ နှမ်းကြဲပြီး အပင်ပေါက်ခါစ အချိန်မှာ မိုးရွာလိုက်တော့ သီးနှံတွေ ၀ါသွားတယ်။ အပင်အရွယ် တစ်ထွာတစ်မိုက်လောက်မှာ ရွာရင်တော့ ကောင်းသေးတယ်။ မိုးမှန်ရင် အကောင်းဆုံး တစ်ဧကကွက်ကို ၁၀တင်းလောက် ထွက်တယ်။ ပုံမှန်ဆိုရင်တော့ တစ်ဧကကို ၇တင်း ၈တင်း ထွက်တယ်။ အခုလို မိုးလေ၀သ မကောင်းခဲ့ရင် တစ်ဧကကို ၄၊ ၅ တင်းလောက်ပဲ ထွက်တော့တယ်။ နှမ်း သီးနှံကတော့ အဓိက မိုးပါပဲ"ဟု ဆည်တည်းကျေးရွာမှ တောင်သူ ဦးသိန်းအောင်က ပြောကြားသည်။

လက်ပံတောင်းတောင်ဒေသတွင် ယခင်နှစ်က နှမ်းဈေး ကောင်းမွန်ခဲ့ခြင်းကြောင့် တောင်သူအများစုသည် နှမ်းသီးနှံများကို အများအပြား စိုက်ပျိုးခဲ့ကြကြောင်း၊ ယခင်နှစ် နှမ်းဈေးမှာ နှမ်းဖြူတစ်တင်းလျှင် ကျပ်လေးသောင်းကျော်၊ နှမ်းနီတစ်တင်းလျှင် ကျပ်သုံးသောင်းကျော်နှင့် နှမ်းဝါတစ်တင်းလျှင် ကျပ်သုံးသောင်းကျော် ဈေးရရှိကြောင်း သိရသည်။ အဆိုပါဒေသရှိ ကျေးရွာများတွင် နှမ်းသီးနှံကို တော်သလင်း လဆန်းပိုင်းမှ စတင်စိုက်ပျိုးကာ တန်ဆောင်မုန်းနှင့် နတ်တော်လတွင် ရိတ်သိမ်းလေ့ရှိပြီး တောင်သူအများစုမှာ နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းဝါ၊ နှမ်းပြာများကို စိုက်ပျိုးကြကြောင်း၊ နှမ်းသီးနှံ ရိတ်သိမ်းပြီး နောက်ပိုင်းကာလ မိုးရွာသွန်းမှု ရှိခဲ့လျှင် ကုလားပဲ၊ နေကြာသီးနှံများကို ဆက်လက် စိုက်ပျိုးလုပ်ကိုင်ကြပြီး တစ်နှစ်ပတ်လုံးအနေဖြင့် နေကြာ၊ နှမ်း၊ ပြောင်း၊ ပဲစင်းငုံ၊ ကုလားပဲ စသည့်သီးနှံများကို မုံရွာမြို့သို့ တင်ပို့ရောင်းချကြသည်။

လက်ပံတောင်းဒေသတွင် တောင်သူများ နှမ်းရိတ်သိမ်းနေကြစဉ်

အေးချမ်းမွန် Credit To > Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top