ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ကုန်းလမ်းပို့ဆောင်ရေး အဆောက်အအုံအား သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အကျိုးတူ လုပ်ဆောင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို နိုဝင်ဘာ ၁၈ ရက်က စတင် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
ယင်းကုန်းလမ်း ပို့ဆောင်ရေး အဆောက်အအုံမှာ ၀ ဒသမ ၁၁ ဧက ကျယ်ဝန်းပြီး ငါးထပ်အဆောက်အအုံ တစ်လုံးဖြစ်ကာ လက်ရှိတွင် မြေညီထပ်တွင် ဆိုင်ခန်းများ ဖွင့်လှစ်ထားကြောင်း သိရသည်။
သို့သော် နိုဝင်ဘာ ၂၇ ရက်မှာ စတင်ကာ သယ်ယူပို့ဆောင်ရေး ကဏ္ဍနှင့် ဆက်စပ်သော လုပ်ငန်းများ အကျိုးတူပူးပေါင်း လုပ်ကိုင်လိုသည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ အနေဖြင့် တင်ဒါတင်သွင်းရမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ အဆောက်အအုံတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း လုပ်ဆောင်ရာတွင် ကား Service Centre များနှင့်ကား Show Room များ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တင်ဒါစိစစ်ရေး အဖွဲ့ထံမှ သိရသည်။
တင်ဒါစိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ''၂၁ ရက်မှာတော့ တင်ဒါလျှောက်လွှာ ပုံစံတွေကို အခုအကျိုးတူလုပ်မယ့် ရုံးမှာ လာလျှောက်လို့ရတယ်။ အဓိကတော့ ကား Service Centre တို့ ကား Show Room တွေ ပြုလုပ်ဖို့ပါ'' ဟု ပြောကြားသည်။
ရထားပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်တွင် လက်ရှိ ရန်ကုန်ဘူတာကြီးကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ရန် ပြင်ဆင်နေပြီး ရထားကဏ္ဍတွင်လည်း ၀န်ဆောင်မှုနှင့် ကြေညာမှု အပိုင်းတို့တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်မှု ပြုလုပ်ထားကြောင်း သိရသည်။
(ပန်းဘဲတန်းမြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေး အဆောက်အအုံအား တွေ့ရစဉ်)
အေးချမ်းမွန် Credit To >Eleven Media Group

Post a Comment