ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံမြို့နယ် အတွင်းရှိ အစိုးရမှ တည်ဆောက် ပေးထားသည့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ (Cyclone Shelter) ကိုးလုံးမှာ ပျက်စီးမှုအချို့ ရှိနေသည့်အတွက် ပြင်ဆင်မှု ပြုလုပ်ရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သတင်းရရှိသည်။
လက်ရှိတွင် ဖျာပုံမြို့နယ်ရှိ၊ ဓမင်းဆိပ် ကျေးရွာတွင် အစိုးရက တည်ဆောက် ပေးထားသည့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ၏ သံပေါင်၊ သံချောင်း၊ တံခါးများမှာ ပျက်စီးမှုများ ရှိနေသည့်အပြင် မြေသားမကျမှုများကြောင့် လမ်းများပျက်စီး နေခြင်းများ ရှိနေသည့်အတွက် ပြင်ဆင်ပေးရန် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ယင်းကျေးရွာရှိ Cyclone Shelter ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဌေးက ပြောကြားသည်။
''ပင်လယ်ဆားငန် ရည်ငွေ့ကြောင့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံမှာရှိတဲ့ သံပေါင်တွေက သံချေးတက်ပြီး ပျက်စီးပြုတ်ကျတာတွေ ရှိတယ်။ တံခါးချပ်တွေကလည်း လေတိုက်လို့ ပြုတ်ကျတာတွေ ရှိတယ်။ ကြီးကြီးမားမား ပျက်စီးမှုတော့ မရှိပါဘူး။ ဒါပေမဲ့ ပြင်ဆင်ဖို့ ရှိတာတွေကို ရပ်/ကျေး အစည်းအဝေးလုပ်ပြီး ပြင်ဆင်သင့်တာတွေကို အစိုးရအဖွဲ့ကို တင်ပြထားတယ်။ အင်ဂျင်နီယာတွေနဲ့ တွက်ချက်ပြီးတော့ သက်ဆိုင်ရာကို တင်ပြထားပါတယ်'' ဟု ဓမင်းဆိပ်ကျေးရွာရှိ Cyclone Shelter ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဌေးက ပြောကြားသည်။
နာဂစ်မုန်တိုင်း ဖြစ်ပြီးနောက်ပိုင်း ဖျာပုံမြို့နယ် အတွင်းရှိ အစိုးရ တည်ဆောက်ပေးသည့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ကိုးလုံးမှာ ပျက်စီးမှုအချို့ ရှိနေသည့် အတွက်ကြောင့် ပြင်ဆင်ရန် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သိရသည်။
ဓမင်းဆိပ် Cyclone Shelter ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဌေးက ''ကျွန်တော်တို့ မြို့နယ်မှာ Cyclone Shelter ကိုးလုံး ရှိပါတယ်။ အကုန်လုံး စုပြီးတော့ အစည်းအဝေး လုပ်ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးတွေမှာ အဆောက်အအုံတွေဟာ သူနေရာနဲ့သူ ပျက်စီးမှုတွေ ရှိတဲ့အတွက် ပြင်ဆင်ဖို့ အထက်ကို စာတင်ထားပါတယ်'' ဟု ထပ်မံပြောကြားသည်။
လက်ရှိတွင် အဆိုပါ မုန်တိုင်းဒဏ်ခံ အဆောက်အအုံများတွင် ကျောင်းသားများကို စာသင်ကြားပေးခြင်း၊ ဆေးခန်းဖွင့်၍ ကုသပေးခြင်းတို့ကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
''သဘာဝ ဘေးအန္တရာယ် ကျရောက်လာရင်တော့ ဒီအဆောက်အအုံကြီးဟာ အနီးအနားမှာရှိတဲ့ ရွာရဲ့ များလာတဲ့ လူအင်အားနဲ့ဆိုရင် သိပ်တော့ အဆင်မပြေနိုင်ဘူး။ ဒါပေမဲ့ ဒီအဆောက်အအုံရှိတော့ တစ်မျိုး စိတ်ချမ်းသာရတယ်'' ဟု ဓမင်းဆိပ်ကျေးရွာသား ကိုမင်းထွန်းက ပြောကြားသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment