0


ဘိုဘိုကျော်ငြိမ်း

လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံဟာကမ္ဘာ့စီးပွားရေးအရ ဒုတိယအကြီးဆုံးနိုင်ငံ။ တရုတ်နဂါးကြီး နှာ စေးရင်တစ်ကမ္ဘာလုံး အအေးမိသွားနိုင်တယ်။ ဒါကြောင့် (၁၈)ကြိမ်မြောက် ပါတီကွန်ဂရက်ရဲ့ တတိယ အကြိမ်အစည်းအဝေးကို ရင်တမမနဲ့စောင့်မျှော်ခဲ့ကြရတယ်။ အကြောင်းကတရုတ်စီးပွားရေးဟာ ပုံသဏ္ဍာန်ပြောင်းရတော့မယ့် လမ်းဆုံလမ်းခွကိုရောက်နေပြီ။ ဒါကို ဘယ်ပုံပြောင်းမလဲဆိုတာက စောင့် နေကြရတာပါ။သမ္မတအသစ်နဲ့ ၀န်ကြီးချုပ်အသစ်နောင်လာမယ့် ၁၀ နှစ်အတွက် ပေါ်လစီအုပ်မြစ်ချပွဲ လည်းဖြစ်တာကြောင့် ပိုစိတ်ဝင်စားစရာကောင်းတာပါ။

တရုတ်ပြည်နဲ့ မြန်မာနိုင်ငံတို့ရဲ့စီးပွားရေးအခြေအနေတွေဟာ မိုးနဲ့မြေမကကွာပါတယ်။ ဒါပေမဲ့ စီးပွားရေး ဆိုတာအခြေခံကတော့ အတူတူပါပဲ။ (ရေ) ဆိုတာမြင့်ရာက နိမ့်ရာကိုလမ်းရှာပြီး စီးဆင်းတတ်သလို၊ (ငွေ) ဆိုတာလည်း အပေါက်ရှာပြီး (ယို)စီးတတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ စီးပွားရေးပေါ်လစီကို ကိုင်တွယ်ရတဲ့အာဏာပိုင်တွေနဲ့ စီးပွားရေးကို စိတ်ဝင်စားသူလုပ်ငန်းရှင်တွေ အတု ယူနိုင်အောင်၊ သတိရှိနိုင်အောင် ဒီဆောင်းပါးကိုရေးရတာပါ။

တရုတ်တွေဟာ ထိန်းချုပ်မှုအလွန်တင်းကျပ်တဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်ကနေအရင်းရှင် ဈေးကွက် စီးပွားရေးကိုမနေသာလို့ ပြောင်းကြရတာပါ။ ဆိုဗီယက်တို့ရဲ့ဒုက္ခကိုကြည့်ပြီး တိန်လျှောက်ပိန်တို့က တစ်လှမ်းချင်းပြောင်းဖို့စီစဉ်ခဲ့ကြတာပါ။ ပထမဦးဆုံး “တံခါးဖွင့်” ပေါ်လစီကို ချမှတ်ခဲ့ကြတယ်။ နောက် “ထုတ်ကုန်အခြေပြု” (Export Oreinted) စီးပွားရေးပေါ်လစီကို ကျင့်သုံးခဲ့ကြတယ်။ ဒါကြောင့် တရုတ် ပြည်ကြီးဟာ ပထမအနှစ် (၃၀) မှာကမ္ဘာ့ထုတ်ကုန်နိုင်ငံအဖြစ် လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး တရုတ်သန်း ၅၀၀ ကျော်ကို ဆင်းရဲတွင်းက ဆွဲထုတ်နိုင်ခဲ့တယ်။ တရုတ်ပြည်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်း ဟာနှစ်စဉ် ဂဏန်းနှစ်လုံးတိုးတက်မှုရှိခဲ့ကြတယ်။ လက်ရှိကမ္ဘာ့စီးပွားရေးအခြေအနေဟာ တိုးတက်မှု မရှိသလောက်အိပဲ့အိပဲ့ဖြစ်နေတာတောင် တရုတ်ပြည်စီးပွားရေးတိုးတက်မှုဟာ (၇) ရာခိုင်နှုန်း အထက် မှာရှိသေးတယ်။ ဒါပေမဲ့ ကြာကြာထိန်းနိုင်တော့မှာ မဟုတ်ဖူး။ ဒါကြောင့် ပို့ကုန်။ထုတ်ကုန် အခြေပြု စီးပွာရေးကနေ၊ တိုးတက်ပြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နိုင်ငံတို့လို မိမိပြည်တွင်းစားသုံးသူကို အခြေပြု တဲ့ (Consumer Oriented) စီးပွားရေးစနစ်ကို ပြောင်းရတော့မယ်။

စီးပွားရေးဆိုတာ ခုတစ်မျိုးနောက်တစ်မျိုး လုပ်လို့မရပါ။ အင်္ဂလိပ်လို (Legacy) ပြဿနာလို့ခေါ်တဲ့အမွေ ခံပြဿနာတွေရှိတတ်ပါတယ်။ ဒါတွေကို အရင်ရှင်းထုတ်ရပါမယ်။

တရုတ်ရဲ့စီးပွားရေးက ပို့ကုန်ထုတ်ကုန်ကိုအခြေပြုတဲ့ စီးပွားရေးစနစ်။ ပို့ကုန်ရဲ့ အရှုံးအမြတ်ဟာနိုင်ငံရဲ့ ငွေသား (Currency) တန်ဖိုးအပေါ် အများကြီးမူတည်ပါတယ်။ ဒါကြောင့်တရုတ်က ၎င်းရဲ့ယွမ်ကို ကမ္ဘာ သုံးအမေရိကန်ဒေါ်လာနဲ့ (ချိတ်)ထားလိုက်တယ်။ ယွမ်အတက်အကျဟာ (ဒေါ်လာ) အတက်အကျ အပေါ် မူတည်တယ်။ တစ်နည်းအားဖြင့် ငွေကိုအရှင်ထားမကစားဖူး။ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ တရုတ် (ယွမ်)ကိုအလဲမခံဘူး။ ယွမ်ကို အရှင်ထားကစားရင် အရင်းရှင်ငွေကြေးကစားသူ (ကျား) (Speculators) တွေရိုက်ကစားတာနဲ့ တရုတ်ယွမ်ဟာထိုင်းဘတ်လို တန်ဖိုးပြုတ်ကျရင်ထုတ်ကုန်-ပို့ကုန်ကို အမှီပြုရတဲ့ တရုတ်စီးပွားရေး ဇောက်ထိုးမိုးမျှော်ဖြစ်သွားနိုင်တယ်။ ဒီနည်းနဲ့ တောက်လျှောက်တရုတ်အစိုးရဟာ သူ့ ငွေသား(ယွမ်) ရဲ့တန်ဖိုးကိုဖြစ်သင့်၊ ရှိသင်၊ တာထက် ၁၅ ရာခိုင်နှုန်းလောက် နှိမ့်ထားတယ်လို့ အမေရိ ကန်နိုင်ငံရေးသမားတွေက တောက်လျှောက်စွပ်စွဲလာခဲ့ကြတယ်။ပြောလွန်းမကပြောလာမှ တရုတ်ကြီး ကအမေရိကန်ဒေါ်လာအစား ကမ္ဘာ့ငွေကြေးတွေကိုစုထည့်တားတဲ့ ငွေကြေးအစုနဲ့ ပြောင်းချိတ်လိုက် တယ်။ မိမိရဲ့ ယွမ်တန်ဖိုးဟာနိမ့်ရင် တရုတ်ထုတ်ကုန်တွေဟာ တခြားနိုင်ငံထုတ်ကုန်တွေထက် ဈေးပေါ တော့မှာပေါ့။ ဒီတော့တရုတ်ကုန်တွေများများဝယ်၊ များများတင်ပို့ နိုင်တော့တာပေါ့။

အမေရိကမှာ ဒေါ်လာလည်ပတ်မှုအနည်းအများကို ဘဏ်-ဘဏ်ချင်းချေးနိုင်တဲ့ (အတိုးနှုန်း)ကိုကိုင်ပြီး ဗဟိုဘဏ်က ကစားယူတယ်။ အတိုးနှုန်းနဲလို့ ချေးတဲ့စရိတ်နည်းတာကြောင့် ငွေလည်ပတ်မှုများရင် စီးပွားရေးတိုးတက်လာပေမယ့် ငွေကြေးဖောင်းပွမှု (Inflation) များလာရင် ကုန်ဈေးနှုန်းတွေတက်လာ ပြီး ပြည်သူတွေအထူးသဖြင့်ဆင်းရဲသားတွေ ဒုက္ခရောက်ရတာမို့အတိုးနှုန်းကိုတင်ပြီး ဒေါ်လာလည်ပတ် မှုကို လျှော့ချပစ်တယ်။ တရုတ်က သူ့(ယွမ်)ကို ဒေါ်လာနဲ့ချိတ်လိုက်တော့ ယွမ်လည်ပတ်မှုကို အမေရိ ကန်လိုအတိုးနှုန်းနဲ့ မကစားနိုင်တော့ဘူး။

နောက်တရုတ်ကြီးက သူ့ရဲ့ဘဏ်တွေကိုအကြောက်ကြီးပြီးထိန်းချုပ်ထားတယ်။ တရုတ်ပြည်မှာ ဘဏ် တွေဟာအစိုးရက ချုပ်ကိုင်ထားတယ်။ ဘဏ်တွေရဲ့အတိုးနှုန်းကို သုံးရာခိုင်နှုန်းလို့ အစိုးရကသတ်မှတ် ထားသလို အစိုးရကိုဘယ်လောက်ခြေရမယ်ဆိုပြီး အာဏာနဲ့သတ်မှတ်ပြန်တယ်။ တစ်နည်းအားဖြင့် ဘဏ်တွေဟာလွပ်လပ်ခွင့်၊ ကိုယ်ပိုင်ရပ်တည်ခွင့် ရှိသင့်သလောက်မရှိကြဘူး။

ဦးနေ၀င်းလက်ထက်က ဆိုရှယ်နီဦးဘငြိမ်ရဲ့စကားနားထောင်ပြီး အာလုံးကိုပြည်သူပိုင်သိမ်းလိုက်တော့ ဘာဖြစ်သလဲ။ ပြည်သူပိုင်သိမ်းလိုက်တာကြောင့် စက်ရုံတွေရပ်၊ ထုတ်လုပ်မှုကျဆင်းသွားပေမယ့် လူထု ရဲ့သုံးစွဲမှုကရပ်သွားတာမှ မဟုတ်တာ။ ဒီတော့ (မှောင်ခို)ဆိုတာ ပေါ်လာရတယ်မဟုတ်လား။ ဒီလိုပဲ တရုတ်ပြည်ကြီးမှာဘဏ်တွေကို အစိုးရအာဏာနဲ့ အတိုးသုံးရာခိုင်နှုန်းပဲထားရမယ်ဆိုလာတော့ (Shad- ow Banking) ဆိုတာပေါ်လာရပါတယ်။ ရှဲဒို (မှောင်ခို)ဘဏ်စနစ်က ဘဏ်ကချေးတာပဲ။ ဒါပေမဲ့သမား ရိုးကျ ဘဏ်အလုပ်အရချေးတာ မဟုတ်ဘူး။ ဒါကြောင့်အစိုးရရဲ့ကြီးကြပ်မှု (Regulation) အောက်မှာ မရှိတာမို့ အစိုးရအနေနဲ့ ဘာဖြစ်နေမှန်းမသိနိုင်ဘူး။

လိုကယ် (Local) အစိုးရတွေကို သာမန်ငွေချေးစာရွက် (Bond) ထုတ်ပြီးငွေချေးခွင့်ကို ဗဟိုအစိုးရက ခွင့်မပြုတာကြောင့် ရပ်ကွက်အစိုးရတွေကလည်း မှောင်ခိုဘဏ်တွေဆီကပဲချေးကြတာကြောင့် ဒီမှောင် ခိုဘဏ်စနစ်ဟာ အချိန်တိုတိုအတွင်းမှာ ကြောက်ခမန်းလိလိကြီးထွားလာခဲ့ရတယ်။ ဒီစနစ်က (စ)ပြဿ နာတက်ရင် တရုတ်ပြည်ကြီးမှာ ဘဏ်ပြဿနာတက်နိုင်တယ်။ တရုတ်တွေပြဿနာတက်ရင် ၂၀၀၈ လို တစ်ကမ္ဘာလုံးကို ကူးဆက်သွားနိုင်တယ်။ ဒါကြောင့် လူတွေကစိုးရိမ်ပူပန်ကြသလို တရုတ်အစိုးရအနေနဲ့ လည်း ဒီပြဿနာကိုကိုင်တွယ်ရမယ်ဆိုတာကို သိကြပါတယ်။ ဒီပြဿနာကိုကိုင်ရင် စီးပွားရေးအခြေခံ အဆောက်အအုံတွေပါ ပါလာနိုင်တာကြောင့် အစိုးရကလည်းအရမ်းကိုင်လို့မရပြန်ဘူး။

အရင်းရှင်စီးပွားရေးမှာ အပိုင်းနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက ထုတ်ကုန်နဲ့ ထုတ်လုပ်မှုကိုပံ့ပိုးမယ့် (အရင်း) ဈေးကွက်ဆိုတာရှိတယ်။ ထုတ်လုပ်မှုကရလာတဲ့ (ငွေ) ကိုတိုးပွားအောင်လုပ်တဲ့ဘဏ်ကို (ရင်နှီးမြှုပ်နှံမှု ဘဏ်) (Inve- stment Banks) လို့ခေါ်ပါတယ်။ ဒီဘဏ်ကသာမန်နားလည်ကြတဲ့ (ရောင်းဝယ်မှုဘဏ်) (Commercial Banks) တွေနဲ့မတူဘူး။ သာမန်အားဖြင့်ဘဏ်မှာလူတွေက သူတို့ငွေလာအပ်နှံကြတယ်။ ဘဏ်တွေက (အတိုး)ပေးတယ်။ ဒီငွေတွေကိုစုပြီး ဘဏ်တွေကလုပ်ငန်းတွေကို ချေးတယ်။အတိုးခြား နားချက်ကိုဘဏ်တွေကစားတယ်။ ဒီလိုနဲ့ ဘဏ်တွေကငွေဖော်ပြီး တိုးပွားအောင်လုပ်ကြရတာ။ အနောက်နိုင်ငံတွေမှာ ဈေးကွက်လိုအပ်ချက်အတိုင်း ဒီအတိုးကို (အရှင်)ထားကစားကြတယ်။တရုတ် ပြည်မှာဒီအတိုးကို အစိုးရကမင်းမိန့်နဲ့ (အသေ)ထားခိုင်းတယ်။ (ရင်းနှီးမြှုပ်နှံမှုဘဏ်) တွေကမှ (ငွေ) ကို တိုးပွားအောင်လုပ်နိုင်တာ။ အစိုးရကမင်းမိန့်နဲ့ ဒါကိုတင်းကျပ်ထားတော့ငွေရှိတဲ့လူတွေက ဘာလုပ်ရမှာ လဲ။

ဒီတော့ (အိမ်) တွေကိုဝယ်ပြီး ရင်းနှီးမြှုပ်နှံကြတာပေါ့။ ဒီတော့ အိမ်ယာဈေးကွက်မှာ (သြသာ) လို့ခေါ်တဲ့ (တိုးတက်မှု) ဖြစ်တယ်။

ဥပမာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက အရင်းအနှီးငွေလိုတယ်။ အိမ်ဝယ်တဲ့သူများတော့ အမြတ်ရဖို့က သေချာသလောက်ပဲ။ ဒီတော့ အတိုးကိုးရာခိုင်နှုန်းပေးနိုင်တယ်။ ဘဏ်တွေကတရားဝင် သုံးရာခိုင်နှုန်း ထက်ပိုမယူနိုင်ဘူး။ ဒီတော့ ဘဏ်တွေက သူ့အရင်းလည်ပတ်ငွေထဲက မဟုတ်ဘဲ (အပြင်) အရင်းထည့် ချင်သူတွေကိုရှာပြီး ခုနစ်ရာခိုင်နှုန်း အတိုးပေးတယ်။ ပြီးဘဏ်က (၀န်ဆောင်ခ) ယူပြီးအတိုး နှစ်ရာခိုင် နှုန်းကိုစားလိုက်တယ်။ ဒီအမြတ်ကို ဘဏ်တရားဝင်စာရင်းမှာမပြဘူး။ မှောင်ခိုစာရင်း သပ်သပ်ထားကစား တယ်။ အိမ်ဈေးကွက် တိုးတက်နေတုန်းတော့ ကောင်းပေမယ့်၊ အိမ်ဈေးကွက် ပြုတ်ကျရင် အကုန်ဒုက္ခ ရောက်ကုန်ကြမယ်။ နောက်တရားဝင်စာရင်းမှာ မပြထားရင် ဘဏ်အရာရှိတွေအလွဲသုံးစား လုပ်နိုင်တာ ပေါ့။

ဒါကြောင့် အစိုးရက ပုဂ္ဂလိကဘဏ်တွေ များများဖွင့်ပေးပြီး ထုတ်ကုန်ကရလာတဲ့ အမြတ်တွေကို တိုးပွား အောင် လုပ်နိုင်ဖို့ (ဖွင့်) ပေးရမယ်။

အမေရိကလိုနိုင်ငံမှာ ဘဏ်တွေမှာ ငွေအပ်တဲ့သူတွေကိုကာကွယ်ဖို့ ဖက်ဒရယ်အစိုးရက ကြီးကြပ်တဲ့အာ မခံစနစ်ရှိတယ်။ ဘဏ်တွေက အချိုးကျထည့်ရတယ်။ ဘဏ်တွေ ဒေ၀ါလီခံရရင် ငွေအပ်သူတစ်ဦး၊ ငွေစာ ရင်းဖွင့်သူတစ်ဦးကို ဒေါ်လာ (တစ်သိန်း) အာမခံထားပေးတယ်။ ဒါကြောင့် ဘဏ်တွေဒုက္ခရောက်ရင် ဘဏ်မှာ ငွေအပ်ထားသူတွေ အလုအယက်ထုတ်ပြီး ဘဏ်တွေ ဒုက္ခမတွေ့နိုင်ဘူး။ တရုတ်ပြည်မှာ ဒီစနစ် မရှိသေးဘူး။ ဒါကြောင့် ဘဏ် တွေဒုက်္ခရောက်ပြီ သတင်းဖြစ်တာနဲ့ လူတွေ အလုအယက်ငွေထုတ်ဖို့ ကြိုး စားကြရင် ဘဏ်အရေးအခင်း ဖြစ်နိုင်တယ်။

နောက် တရုတ်ပြည်မှာ နိုင်ငံတိုင်းလိုလိုမှာလို (မြေ) ကို အစိုးရကပိုင်တယ်။ ဒါကြောင့် လယ်သမားတွေ ဟာ မိမိတို့ မြေကိုမရောင်းနိုင်ဘူး၊ မငှားနိုင်ဘူး။ တစ်နည်းအားဖြင့် ငွေမဖော်နိုင်ဘူး။ ဒီအပြင်ရပ်ကွက် အစိုးရတွေက လယ်သမားတွေဆီကသိမ်းပြီး ဆောက်လုပ်ရေး ကွန်ဂရက်တွေပေးပြီး (ငွေ) ရှာရတာပို လွယ်တယ်။ ဒီတော့ မတရားမှုတွေအများကြီးရှိတယ်။ မတရားမှုတွေ သိပ်များလာရင် ဆန္ဒပြမှုနေတွေက တစ်ဆင့် ဆူပူမှုတွေဖြစ်လာနိုင်တယ်။ အမေရိကမှာ Property Rights လို့ခေါ်တဲ့ (ပိုင်ဆိုင်ပိုင်ခွင့်) ဥပဒေ ရှိတယ်။ ဒါကိုလည်း ပြန်ချိန်ပေးရမယ်။

တရုတ်ပြည်မှာ ကလေးကျောင်းထားခွင့်၊ ကျမ်းမာရေးစတဲ့ အခွင့်အရေးတွေဟာ မိမိမွေးဇာတိမှာပဲ တရား ၀င်တယ်။ နယ်ကျော်သွားရင် တခြားရပ်ကွက်က တာဝန်မယူဘူး။ ဒါကို တရုတ်လို (ဟူခို) (hukou) လို့ ခေါ်တယ်။ မြန်မာနိုင်ငံက အိမ်ထောင်စုစာရင်း အတိုင်းပါပဲ။ ပြဿနာက ပဲခူးကလူကရန်ကုန်မှာ အလုပ် လာလုပ်ရင် တရားမ၀င်တော့ဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေ သိပ်ဒုက္ခရောက်ကြရတယ်။

ပထမအနှစ် (၃၀) မှာ တရုတ်က လမ်းတွေဖောက်၊ တံတားတွေဆောက်၊ စက်ရုံတွေဆောက်၊ လုပ်ငန်း တွေထောင်၊ တရုတ် သန်း ၅၀၀ ကိုဆင်းရဲတွင်းက ဆွဲတင်နိုင်ခဲ့ပြီ။ ဒုတိယအဆင့် အစိုးရကဏ္ဍကိုလျှော့၊ ပုဂ္ဂလိကကဏ္ဍကိုမြှင့်ပြီး လူမှုရေးသက်သာချောင်ချိရေးတွေ၊ ကျမ်းမာရေးတွေ၊ ပြည်သူတွေ လက်ထဲရှိငွေ တိုးတက်ရေးတွေကို လုပ်ခွင့်ပေးရတော့မယ်။

ဒီပါတီဗဟိုကော်မီတီ အစည်းအဝေးကဒါတွေကို ဦးစီးလုပ်နိုင်ဖို့ ပါတီကော်မီတီအသစ်ကိုဖွဲ့ပေးပြီ၊ လုံခြုံ ရေးမှာလည်း အလုပ်ပိုဖြစ်အောင် အမေရိကန်လုံခြုံရေးကောင်စီဆန်ဆန် အဖွဲ့တစ်ခုကိုလည်း ဖွဲ့ပေးခဲ့ တယ်။

တရုတ်က စည်းကမ်းရှိတယ်။ စနစ်ကျတယ်။ တရုတ်ပြည်အရှေ့ပိုင်းကို အရင်ထူထောင်တယ်။ ပြီးမှအ လယ်ပိုင်းနဲ့အနောက်ပိုင်းကို ထူထောင်တယ်။ အခုမဲခေါင်ပရောဂျက်အရ အလယ်ပိုင်းနဲ့ အနောက်ပိုင်းက ထုတ်ကုန်တွေကို မြန်မာ၊ ထိုင်း၊ လာအို။ ဗီယက်နမ်ကတစ်ဆင့် ထုတ်ကုန်တွေကို တင်ပို့တော့မယ်။ တ ရုတ်ပြည်အရှေ့ပိုင်းကတစ်ဆင့် တင်ဖို့ရတာထက်သက်သာတယ်။ တရုတ်အရင်းရှင်စနစ်က ထုတ်ကုန်ကို ပြည်သူကထုတ်ပေမယ့် ပလင်နင်ကိုအစိုးရက ကိုင်ထားတယ်။ ဒါကြောင့် တရုတ်ပုံသဏ္ဍန်ကို State Capi talism နိုင်ငံတော်က ဦးစီးတဲ့ အရင်းရှင်စနစ်လို့ ခေါ်တာပါ။

မြန်မာနိုင်ငံက ဘဏ်တွေကတော့ တရုတ် နဲ့ပြောင်းပြန်။ ငွေကုန်သွားရင် ငွေပြန်ဖော်တဲ့ Recapitali zation စနစ်ကောင်းကောင်းမရှိတော့ ကမ္ဘာမှာ အတိုးနှုန်းက သုညရာခိုင်နှုန်းနီးပါး ဖြစ်နေချိန်မှာ မြန်မာ နိုင်ငံက ဘဏ်တွေက ၁၀ ရာခိုင်နှုန်း၊ ရှစ်ရာခိုင်နှုန်းအတိုးပေးပြီး ငွေရှိသူတွေကို မြူဆွယ်ရတယ်။ လုပ် ငန်းရှင်တွေကို ပြန်ချေးတော့လည်း၊ လုံလောက်အောင် မချေးပြန်ဘူး။ ချေးတဲ့ အတိုးနှုန်းကလည်း အ ဆမတန်။ လုပ်ငန်းတွေ ဘယ်လိုအောင်မြင်မလဲ။ တိုးချဲ့နိုင်မှာလဲ။ Investment ဘဏ်အကြောင်းလည်း နားမလည်ကြဘူး။ နိုင်ငံခြားဘဏ်တွေဝင်လာရင် ဘယ်လိုပြိုင်ကြမလဲမသိ။

မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင်တွေ ဘဏ်ပိုင်ရှင်တွေ တရုတ်တွေကို လေ့လာနမူနာ ယူသင့် ကြတယ်လို့ ထင်မိတယ်။

အေးချမ်းမွန် Credit To > Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top