0

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ယနေ့(နိုဝင်ဘာ ၃၀ ရက်) ပြုလုပ်မည့် "တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ" ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုသို့ ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားမှုသည် (၄၃) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွင်း အစိုးရနှင့် လူထုအခြေပြု အဖွဲ့အစည်းများ ထိရောက်စွာ ဆောင်ရွက်လာနိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

"အဓိကကတော့ CSO တွေအနေနဲ့ ရေရှည် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ နိုင်ငံတော်သမ္မတကြီး ဘယ်အချိန်လာမယ် ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။ ကျွန်တော်တို့ရဲ့ အခမ်းအနားကတော့ ၉ နာရီ စဖို့တော့ ပြင်ဆင်ထားပါတယ်။ အခမ်းအနားမှာ ပညာရှင်တွေရဲ့ ဆွေးနွေးမှုတွေလည်း ပါဝင်မယ်"ဟု ဆွေးနွေးပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၀၀ ကျော်ကို ဖိတ်ကြားထားကြောင်း သိရပြီး ဆွေးနွေးပွဲကို နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတအနေဖြင့် ယခုကဲ့သို့ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဆိုသည်ကို ကြိုဆိုကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်မေစပယ်ဖြူက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ယခုနှစ် ဇန်န၀ါရီ ၂၀ ရက်က ရန်ကုန်မြို့၊ လွှတ်တော် အဆောက်အအုံတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးနောက် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ပြည်ထောင်စု ၀န်ကြီးများအား လမ်းညွှန်မှု ပြုလုပ်ခဲ့ရာ ဇန်န၀ါရီ ၂၇ ရက်တွင် ပြည်ထောင်စု ၀န်ကြီးများဖြစ်သည့် ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီတို့နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပထမဆုံးအကြိမ် တွေ့ဆုံမှုကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။

(ဇန်န၀ါရီ ၂၀ ရက်က ရန်ကုန်မြို့ လွှတ်တော်အဆောက်အအုံတွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် သမ္မတဦးသိန်းစိန် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်)

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top