တီဟီရန်၊ နိုဝင်ဘာ ၂၂
အီရန် နျူကလီးယား စမ်းသပ်မှုများ အရေးနှင့် စီးပွားရေး ပိတ်ဆို့ခြင်း ဆိုင်ရာ ကိစ္စရပ်များကို အပေးအယူ လုပ်ဆွေးနွေးကြရာတွင် ကမ္ဘာ့ပါဝါ နိုင်ငံကြီးများနှင့် အီရန်တို့အကြား အဖြေတစ်ခု ရရှိရန် တိုးတက် ထွန်းကားလာမှုများ မတွေ့ရသေးကြောင်း အီရန်ဘက်က ပြောဆိုထားသည်ဟု AFP သတင်းတစ်ရပ်အရ သိရသည်။
သို့သော် ဂျီနီဗာ ဆွေးနွေးပွဲသည် အသေးစိတ်ကျပြီး အပြုသဘော ဆောင်ကြောင်း ဆွေးနွေးဘက်များ အားလုံးက အတည်ပြု ပြောကြား ထားကြသည်။
ယခုအကြိမ် ဆွေးနွေးခြင်းသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးစဉ်ကလည်း တစ်စုံတစ်ရာ သဘောတူညီချက် ကြီးကြီးမားမား မရရှိခဲ့ပေ။
အီရန် အရေးဆွေးနွေးပွဲသည် ဒီဇင်ဘာလအထိမှ သဘောတူညီချက် မရရှိလျှင် အီရန်ကို စီးပွားရေး ပိတ်ဆို့ အရေးယူမှု အသစ်များ ချမှတ်မည်ဟု အမေရိကန် ဆီးနိတ် လွှတ်တော်မှ အမတ် ဟယ်ရီရိဒ်က ဖိအားပေး ပြောကြားခဲ့သည်။
အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က အီရန်ကို ခြောက်လကြာ နျူကလီးယား သန့်စင်မှု လုပ်ငန်းများ ရပ်တန့်ပေးပါရန် ပြောဆိုခဲ့ပြီး ပြင်းထန်သော စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးမည်ဟုလည်း ကတိပြုထားသည်။
အီရန်ဘက်ခြမ်းကို အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဇာရစ်ဖ် ကိုယ်တိုင် ဦးဆောင်ပြီး ပါဝါ နိုင်ငံများဘက်မှ ဦးဆောင် ညှိနှိုင်းသူမှာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ တာဝန်ခံ ကက်သရင်းအက်ရှ်တန် ဖြစ်သည်။
တိုးတက်မှုများ မဆိုစလောက် ရှိသော်လည်း ကျန်ရှိနေသေးသည့် ကိစ္စရပ်များမှာ အခက်ခဲဆုံး အပိုင်းများ ဖြစ်ကြောင်း၊ ၂၃ ရက်နေ့ ဆွေးနွေးချက်များက ပိုပြီး အရေးကြီးကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သူများက ပြောကြားသည်။
အီရန် နျူကလီးယား ကိစ္စကို ပြေလည်အောင် လုပ်ဆောင် ကြိုးစားချက်များ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အကြိမ်ကြိမ် ကျရှုံးခဲ့ပြီးနောက် သမ္မတသစ် ရိုဟာနီ လက်ထက်တွင် မျှော်လင့်ချက်များ ပြန်လည် ယှက်သန်းလာခြင်း ဖြစ်သည်။
ပါဝါ နိုင်ငံများက အီရန် နျူကလီးယား သန့်စင်မှုကို ယူရေနီယံ ၂၀ ရာခိုင်နူန်း၌ ရပ်ထားပါရန်၊ ယူရေနီယံ စုဆောင်းထားမှု များကို လျှော့ချရန်နှင့် ကုလသမဂ္ဂ ဝင်ရောက် စစ်ဆေးမှုကို လက်ခံရန် တောင်းဆိုထားသည်။
အနောက်အုပ်စု၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကြောင့် အီရန် စီးပွားရေးသည် အကျပ်အတည်း ဆိုက်ရောက်လျက် ရှိပြီး လက်ရှိ သမ္မတရိုဟာနီက စီးပွားရေး ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည် ဟု ကြွေးကြော်ရင်း ရွေးကောက်ပွဲ အောင်မြင်လာသူ ဖြစ်သည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment