ရန်ကုန်၊ နိုဝင်ဘာ ၂၈
လာမည့် ရွေးကောက်ပွဲကို ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သတင်းများ ထွက်ပေါ်နေသော နိုင်ငံတော် အေးချမ်းသားရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် တပ်မတော် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး (ဟောင်း) ခင်ညွန့်က ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်သည့်အပြင် နိုင်ငံရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်တော့မည် မဟုတ်ကြောင်း ပြောကြားသည်။
တပ်မတော် ထောက်လှမ်းရေး အကြီးအကဲဟောင်းနှင့် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးခင်ညွန့်သည် ၎င်း၏ ဇာတိမြို့ဖြစ်သည့် ကျောက်တန်းမြို့နယ်မှ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ပြည်ပရောက် မြန်မာ အတိုက်အခံအချို့က ပြောဆိုနေခြင်းကို ၎င်းကယင်းသို့ ပြန်လည် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဦးခင်ညွန့်သည် နိုင်ငံရေး လောကထဲသို့ ဝင်ရောက်ပြီး ပါတီလုပ်ငန်းများ လုပ်ကိုင်ကာ ရွေးကောက်ပွဲသို့ ဝင်ရောက်မည် ဖြစ်ကြောင်း ပြည်တွင်းထုတ် သတင်းမီဒီယာ အချို့တွင်လည်း ရေးသား ဖော်ပြခဲ့ကြသည်။
“မေးတဲ့သူတိုင်းကိုလည်း ပြောထားတယ်။ အခုလည်း ထပ်ပြောလိုက်မယ် ဘယ်တော့မှ နိုင်ငံရေးလုပ်မှာ မဟုတ်ပါဘူး၊ ကျွန်တော့်ထက် လုပ်နိုင်တဲ့သူတွေ၊ ငယ်ရွယ် တက်ကြွတဲ့ ပညာတတ်တွေ အများကြီး ရှိနေပါတယ်။ သူတို့အတွက် နေရာပေးဖို့ လိုတယ်” ဟု Quality Publishing House စာအုပ်တိုက်မှ နိုဝင်ဘာလ ၂၈ ရက်၌ ထုတ်ဝေသော ဦးခင်ညွန့်နှင့် အင်တာဗျူးများ စာအုပ်မိတ်ဆက်ပွဲတွင် ၎င်းကပြောကြားခဲ့သည်။
နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူချိန်အတွင်း တတ်နိုင်သလောက် လုပ်ဆောင်ခဲ့ပြီး ယခုအခါ အသက်အရွယ် ကြီးမြင့်လာသောကြောင့် မည်သည့် အကြောင်းကြောင့်နှင့်မျှ နိုင်ငံရေး လောကထဲသို့ ပြန်လည် ဝင်ရောက်မည် မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။
တပ်မတော်အစိုးရ လက်ထက်တွင် နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် နိုင်ငံတော် လုံခြုံရေးအတွက် စစ်ထောက်လှမ်းရေး တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ထောက်လှမ်း ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
ဦးခင်ညွန့်သည် ၂၀၀၄ ခုနှစ်အတွင်း နိုင်ငံတော်ဘဏ္ဍာငွေ အလွဲသုံးစားလုပ်မှုဖြင့် နေအိမ်အကျယ်ချုပ် ချခံခဲ့ရပြီး နိုင်ငံတော် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။
အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/excellencemedia
Post a Comment