Created on Friday, 01 November 2013 23:27
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီသဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပါ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန် လွှတ်တော်သို့ တင်သွင်းမည်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးနောက် သတင်းထောက် များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
သူရဦးအောင်ကိုက ပြောကြားရာတွင် ''ပုဒ်မ ၁၈ ကို လုံးဝဖျက်သိမ်းမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးကို ခွင့်ပြုပေးပြီး ပြန်လည်ထိန်းချုပ်သလို ဖြစ်နေတယ်။ အဲဒါကို လုံးဝဖျက်သိမ်းဖို့ ရှေ့တစ်ပတ်မှာ လွှတ်တော်ကိုတင်မယ်'' ဟု သူရဦးအောင်ကိုက သတင်းထောက်များသို့ ပြောကြားခဲ့သည်။
အခုဒီပုဒ်မ ၁၈ ကြောင့် လူတွေအများကြီး ထောင်ထဲရောက်နေပြီ။ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲကလည်း ၂၀၁၃ ခုနှစ် ကုန်တဲ့အခါမှာ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲကို နိုင်ငံရေး အကျဉ်းသား တစ်ယောက်မှ မကျန်ရဘူးဆိုပြီး အာမခံထားတယ်။ နိုင်ငံတကာကို အာမခံထားတာ....
ဆက်လက်၍ ၎င်းက ''အခုဒီပုဒ်မ ၁၈ ကြောင့် လူတွေအများကြီး ထောင်ထဲရောက်နေပြီ။ အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲကလည်း ၂၀၁၃ ခုနှစ် ကုန်တဲ့အခါမှာ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲကို နိုင်ငံရေး အကျဉ်းသား တစ်ယောက်မှ မကျန်ရဘူးဆိုပြီး အာမခံထားတယ်။ နိုင်ငံတကာကို အာမခံထားတာ။ အဲဒါကြောင့် ကျွန်တော်အနေနဲ့ ပုဒ် မ ၁၈ ကို ပယ်ဖျက်ဖို့ တင်မှာပါ'' ဟု ပြောကြားခဲ့သည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ပုဒ်မပေါင်း ၂၃ ချက် ပါဝင်မည် ဖြစ်သည်။
သူရဦးအောင်ကို ပယ်ဖျက်မည် ပုဒ်မ ၁၈ သည် ''မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်'' ဟု ပါရှိသည်။
လက်ရှိအစိုးရ တာဝန်ယူပြီးနောက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေထွက်ပြီးနောက် ပုဒ်မ ၁၈ ဖြင့် အရေးယူခံရသူ အများအပြား ရှိနေပြီ ဖြစ်သည်။
အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.