0


တာမွေနှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် အောက်တိုဘာလအတွင်း ငွေစက္ကူအတုကျပ်သိန်းငါးဆယ်နှင့် ငွေစက္ကူအတု ထုတ်သည့် စက်နှစ်လုံး ဖမ်းဆီးရမိသည့်အမှုတွင် ကျူးလွန်သူများကို တရားရုံးသို့ တရား စွဲဆိုတင်ပို့နိုင်ရန် စီစဉ်နေကြောင်း အင်းစိန် CID ရဲတပ်ဖွဲ့မှ သိရှိရသည်။

ယင်းအမှုတွင် ကျူးလွန်သူများကို အောက်တိုဘာ ၁၃ ရက်တွင် တာမွေနှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှုကို CID ရဲတပ်ဖွဲ့မှ ကိုင်တွယ် စစ်ဆေးလျက်ရှိသည်။ ဖြစ်စဉ်မှာ တာမွေမြို့နယ်ရှိ လက်ဘက်ရည်ဆိုင်တစ်ဆိုင်တွင် တောင်ဒဂုံမြို့နယ်နေ မလွင်လွင်ခိုင်(ခ) သိမ့်သိမ့်ထံမှ တစ်ထောင်ကျပ်တန် ငွေစက္ကူအတု (၄၁၀)ရွက်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူ မျိုးသူရထံမှ ငွေကျပ် ၄ သိန်းဖြင့် ၀ယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ထို့နောက် တောင်ဥက္ကလာပမြို့နယ်နေ မျိုးသူရနေအိမ်ကို ရဲတပ်ဖွဲ့မှ ဆက်လက်ရှာဖွေခဲ့ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာတမ်းပါ တစ်ထောင်တန်ငွေစက္ကူအတု (၁၉၉၇)ရွက်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အင်းစိန် CID ရဲတပ်ဖွဲ့မှ တောင်ဥက္ကလာပမြို့နယ်နေ ကွင်းဆက်တရားခံ မျိုးသူရနှင့် ခင်ဇော်ဦးတို့ကို ဖမ်းဆီးစစ်ဆေးခဲ့ရာ တစ်ထောင်တန်ငွေစက္ကူအတု (၂၆၃၄) ရွက်၊ ငွေစက္ကူအတုပြုလုပ်သည့် စက်နှစ်လုံးနှင့်အတူ ဆက်စပ်ပစ္စည်းများကို ထပ်မံရှာဖွေ တွေ့ရှိခဲ့ပြီး ငွေစက္ကူအတုစုစုပေါင်း (၅၀၄၃) ရွက်ဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
ယင်းအမှုကို တာမွေမြို့မရဲစခန်းမှ (ပ) ၄၅၁/၁၃ ဗဟိုဘဏ်ဥပဒေ ပုဒ်မ-၁၀၅/၁၀၆ ဖြင့်အမှုဖွင့်ခဲ့ပြီး အင်းစိန် CID ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိသည်။

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top