0


Created on Sunday, 27 October 2013 01:29 

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြင်ဆင်လိုသည့် အချက်များအပေါ် ပါတီအနေဖြင့် သီးသန့်တင်ပြ သွားမည်ဖြစ်ပြီး လက်ရှိတွင် ပြင်ဆင်လိုသည့် အချက်များကို သုံးသပ်ပြင်ဆင်နေကြောင်း အဆိုပါ ပါတီ၏ အတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ နှစ်ဦးပါဝင်ကာ ၎င်းတို့နှစ်ဦးမှာလည်း အဆိုပါ ကော်မတီတွင် သီးသန့်အလုပ် လုပ်သွားမည်ဖြစ်ပြီး ပါတီကိုယ်စားပြု အနေဖြင့်မူ သီးသန့် တင်ပြသွားမည်ဟု ဒေါက်တာမင်းနွယ်စိုးက ဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အကြံပြု လိုသည်များ ရှိပါက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် များမှတစ်ဆင့် လာမည့်နိုဝင်ဘာ ၁၅ ရက်မတိုင်မီ ပေးပို့နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက သတင်းထုတ်ပြန်ထားပြီး အဆိုပါရက်အမီ တင်ပြသွားမည်ဟု ၎င်းကပြောကြားသည်။

ဒေါက်တာမင်းနွယ်စိုးက "နိုဝင်ဘာ ၁၅ ရက် အမီတော့ ကျွန်တော်တို့ တင်ပါမယ်။ အဲဒီအမီ ကျွန်တော်တို့ လုပ်နေတယ်။ ကျွန်တော်တို့ စီအီးစီမှာတော့ ဒါပြင်ဖို့ဆိုပြီး တင်ပြပြီးသား။ အဖွဲ့ဖွဲ့ပြီး လုပ်လည်းလုပ်နေတယ်" ဟု ဆိုသည်။

အဆိုပါ ဗဟိုအလုပ် အမှုဆောင် (စီအီးစီ) အဖွဲ့မှ ဖွဲ့စည်းပေးထားသော အဖွဲ့မှာ ပါတီကိုယ်စားပြု တင်ပြရန်သာ စီစဉ်ထားခြင်းဖြစ်ပြီး အခြားတစ်ဦးချင်း အနေဖြင့်လည်း သဘောထား ကွဲလွဲမှုများ ရှိနိုင်သည့်အတွက် တစ်ဦးတစ်ယောက်ချင်း အနေဖြင့်လည်း တင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာမင်းနွယ်စိုးက ပြောကြားသည်။

"တစ်ယောက်နဲ့တစ်ယောက် သဘောထား မတူတာတွေကတော့ ကိုယ့်ဆန္ဒအလျောက် ကိုယ့်ဘာသာကိုယ်တင်ပေါ့။ ကျွန်တော်တို့က ပိတ်ပင်ထားတာ မရှိဘူး" ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြရန် အတွက်ဟုဆိုကာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ပြည်သူများ၏ သဘောထားများကို မြန်မာနိုင်ငံအနှံ့ လိုက်လံရယူခြင်းများ ပြုလုပ်နေပြီး NLD အနေဖြင့်မူ အဆိုပါ ဖွဲ့စည်းပုံအပေါ် ပြင်ဆင်လိုသည့် အချက် ၁၀၀ ကျော် ရှိသည်ဟု ထုတ်ပြန်ထားသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အနေဖြင့် လေ့လာသုံးသပ်တွေ့ရှိချက် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားရမည်ဖြစ်ကာ ပြင်ဆင်ရမည့် အချက်များကို လေ့လာသုံးသပ်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်အတွင်း မရောက်ရှိသေးသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ အပါအ၀င် နယ်ပယ်အသီးသီးရှိ ပညာရှင်များထံမှ အကြံဥာဏ်များ ရယူခွင့်ပြုထားသည်။

အေးချမ်းမွန် Credit To > Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top