ကျမ ဒီရက်ပိုင်း ဆရာကြီး ဒေါက်တာမင်းတင်မွန်ရေးတဲ့
မေတ္တာနှင့်သစ္စာ ဆိုတဲ့ စာအုပ်ကိုဖတ်ဖြစ်ပါတယ်။
သဘောကျတာလေးတွေကို မိတ်ဆွေများကိုအနည်းငယ်ဝေငှချင်မိပါတယ်။
လူတွေတွေ့ကြုံနေရတဲ့ ချစ်ခြင်းဟာ……….???
စိတ်အလှနဲ့ရုပ်အလှနှစ်မျိုးတွင် မည်သူကပိုလှသနည်း။
လူတစ်ဦးစီ၏အလှတွင် ရုပ်အလှထက် နာမ်အလှကပို၍ အရေးပါသည်ကို လူတိုင်းသတိပြုမိကြ၏။ ရုပ်လှသော်လည်း စိတ်ထားယုတ်ညံ့သူကို လူတို့ရှောင်ကြဉ်ကြ၏။ ရုပ်မလှသော်လည်း စိတ်ထားဖြူစင်မြင့်မြတ်သူကို
လူတိုင်းက ချစ်ခင်ကြ၏။
စိတ်ထားယုတ်ညံ့အောင် အကျည်းတန်အောင် မည်သူကခြယ်လှယ်နေသနည်း။
လောဘ ဒေါသ နှင့် မောဟ တို့က ဦးဆောင်၍ ခြယ်လှယ်နေကြပါသည်။
မောဟသည် အမှန်တရား(သစ္စာ)ကို မသိအောင်ဖုံးကွယ်တတ်သည့်သဘောဖြစ်၍
လူတစ်ဦးစီကို မျက်မှန်စိမ်းတပ်ပေးကာ မှားကို အမှန်ဟုထင်စေခြင်းဖြစ်သည်။
လောဘက လိုချင်တတ်မက်သောအရာများမှာ မောဟဖုံးလွမ်းမူကြောင့် လှပကောင်းမွန်သည်ဟု ထင်မှတ်မိကြသည့် အဆင်း၊အသံ၊အနံ့၊အရသာနှင့် အထိအတွေ့တို့ဖြစ်ကြ၏။
လောဘသည် ကြုံတွေ့ဆဲဖြစ်သော ကာမဂုဏ်အာရုံတို့ကိုတပ်မက်တွယ်တာ၏။
မခွဲမခွာလိုဘဲ ဆွဲတွယ်သိမ်းပိုက်ထားလို၏။ နောက်ထပ်အာရုံသစ်များကိုလည်း
ဆာလောင်မွတ်သိပ်နေ၏။ ဤသဘောကြောင့် လောဘကို “တဏှာ”ဟု အမည်ပေးကြ၏။
လုလင်ပျိုတစ်ဦးနှင့် လုံမပျိုတစ်ဦးတို့ ဆုံမိကြသောအခါ “မြင်မြင်ချင်း ချစ်ကြိုက်သည်”
(Love at first sight) ဆိုသည်မှာ အဓိကအားဖြင့် “တဏှာချစ်” ဖြစ်၏။
“တဏှာချစ်”တွင် မခွဲချင်မခွာရက်အောင် ဆွဲငင်ထားနိုင်သော စွမ်းအားရှိ၏။
မျက်စိအောက်မှ အပျောက်မခံနိုင်ဘဲ ချုပ်ချယ်ထားလိုသော သဘော၊
စိုးပိုင်လိုသော သဘောရှိ၏။ မိမိ၏အလိုဆန္ဒပြည့်ဝရေးကိုသာ ဦးစားပေး၏။
ညှာတာထောက်ထားခြင်း ခွင့်လွှတ်ထားခြင်းသဘော မရှိချေ။
မိမိချစ်သောသူနှင့် သဘောချင်းမတိုက်ဆိုင်လျှင် ဒေါသထွက် ရန်ဖြစ်
စိတ်ဆင်းရဲခြင်းဖြစ်ပေါ်လာတော့သည်။
“အချစ်ကြီးလျှင် အမျက်ကြီးသည်၊ ချစ်ခင်တွယ်တာမှုကြောင့် ဆင်းရဲပင်ပန်းရသည်”
ဟု ပညာရှိများမိန့်ဆိုခဲ့၏။
“တဏှာချစ်”သည် “မေတ္တာချစ်” နှင့်မတူပါ။
“မေတ္တာချစ်”တွင် တွယ်တာကပ်ငြိသည့်သဘော၊ ချုပ်ချယ်ပိုင်စိုးလိုသည့်သဘော၊ ဖျက်ဆီးလိုသည့်သဘောများ မပါရှိပါ။
မေတ္တာသည် ခက်ထန်ကြမ်းတမ်းခြင်းသဘောရှိသော ဒေါသ၏ဆန့်ကျင်ဘက် “အဒေါသစေတသိက်”ဖြစ်၏။
မေတ္တာသည် အလွန်နူးညံ့သိမ်မွေ့၏။ ခက်ထန်ကြမ်းကြုတ်ခြင်း၊ ဖျက်ဆီးတတ်ခြင်းသဘောတို့ကို ကွယ်ကာနိုင်၏။
ထို့ကြောင့် မေတ္တာသည် ဖျက်ဆီးတတ်သည့် တရားမဟုတ်၊အပြုတရားသာဖြစ်၏။ မေတ္တာကြောင့် တစ်စုံတစ်ဦးက ထိခိုက်နစ်နာသည်ဟူ၍မရှိ၊ အကျိုးခံစားရခြင်းသာရှိ၏။
မေတ္တာသည် လူနတ်ဗြဟ္မာအပါယ်ဘုံသားဟူသည့် သတ္တ၀ါအားလုံးကို အယုတ်အမြတ်မခွဲခြားဘဲ၊ အဆိုးအကောင်း အခွဲခြားဘဲ၊ လှသည်အကျည်းတန်သည် ဂရုမစိုက်ဘဲတစ်ပြေးညီညာချစ်ခင်ကြင်နာသောသဘောဖြစ်၏။ ဘေးရန်ကင်းပြီးကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေလိုသောသဘောဖြစ်၏။
မေတ္တာသည် ခွင့်လွှတ်နိုင်၏။ သည်းခံနိုင်၏။ အနစ်နာခံနိုင်၏။ ကိုယ်ချင်းစာတတ်၏။
ထို့ကြောင့် မေတ္တာသည် ငြိမ်းချစ်ရေးတရားအစစ် ဖြစ်ပေသတည်း။ ။
ကမ္ဘာလောကကို အလှဖုံးစေသည်မှာ မေတ္တာ။
မေတ္တာစွမ်းအားဖြင့် ကမ္ဘာလောကကို ငြိမ်းချမ်းသာယာစေမည်။
လူသား၏ဘ၀ကို အမြတ်ဆုံးဖြစ်စေသည်မှာ သစ္စာ။
သစ္စာစွမ်းအားဖြင့် ဆင်းရဲဒုက္ခဟူသမျှကို ငြိမ်းအေးစေမည်။
ချမ်းမြေ့ပါစေ....။
မိုးပုံလွှာ(၂၃.၁၀.၂၀၁၃)
အေးချမ်းမွန် Credit To > ဘ၀ကျောင်း ဖတ်စာ
Post a Comment