0


သီဟကိုကို ၊ဂျွန်ချစ်ငြိမ်း

မြန်မာနိုင်ငံတစ်ဝန်းရှိ ခရီးသည်များ အများဆုံးလည်ပတ်သည့် နေရာ ၁၆ ခုတွင် ဟိုတယ်ဆိုင်ရာ လုံခြုံ ရေး သင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

၎င်းနေရာများတွင် အောက်တိုဘာလ ၂၈ ရက်၌ တစ်ပြိုင်တည်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။

ငွေဆောင်၊ ချောင်းသာ၊ ပုသိမ်၊ ပဲခူး၊ တောင်ငူ၊ ပြည်၊ မော်လမြိုင်၊ ဘားအံ၊ ကျိုင်းတုံ၊ တာချီလိတ်၊ လား ရှိုး၊ မူဆယ်၊ စစ်တွေ၊ ငပလီ၊ မကွေး၊ မြစ်ကြီးနား စသည့် နေရာ၁၆ ခုတွင် ဟိုတယ်လုံခြုံရေးဆိုင်ရာ သင် တန်းများကိုပေးသွားမည် ဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က တည်းခိုရိပ်သာ၊ ဟိုတယ်များတွင် CCTV ကင်မရာများ၊ X-Ray၊ Walkthrough နှင့် Detector များသာမက လိုအပ်လျှင် မိုင်းရှာသည့်ခွေးများ ထားရှိဖို့လိုအပ်ကြောင်း၊ ပစ္စည်းများရှိရုံသာမက ယင်းပစ္စည်းများကို ကိုင်တွယ်သူ များအနေဖြင့် မြင်တတ်၊ ကြည့်တတ်၊ စူးစမ်းရှာဖွေတတ်ရန် သင်တန်းမှပို့ချမှုများကို ကြိုးစားသင်ယူကြ စေလိုကြောင်း အောက်တိုဘာ ၂၁ တွင် ပုဂံဟိုတယ်ဇုန်တွင် ဖွင့်လှစ်သည့် လုံခြုံရေးဆိုင်ရာ သင်တန်းဖွင့် ပွဲတွင် ပြောခဲ့သည်။

ဟိုတယ်ဆိုင်ရာ လုံခြုံရေး သင်တန်းများသို့ ဟိုတယ်တစ်လုံးလျှင် မန်နေဂျာ၊ ကြီးကြပ်ရေးမှူးအပါအ၀င် သင်တန်းသား ငါးဦးနှုန်းတက်ရောက်နိုင်ရေးအတွက် ဆောင်ရွက်ထားကြောင်း ဟိုတယ်/ခရီးမှ တာဝန် ရှိသူများက ဆိုသည်။

အောက်တိုဘာလ ၁၄တွင် ရန်ကုန်မြို့ရှိ ထိပ်တန်းဟိုတယ်ဖြစ်သည့် ထရိတ်ဒါးဟိုတယ်တွင် ဗုံးပေါက်ကွဲ ခြင်းကြောင့် အမေရိကန်နိုင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နောက်တစ်ရက်တွင်လည်း စစ်ကိုင်းမြို့ရှိ ဟိုတယ်တစ်လုံးတွင် ဗုံးပေါက်ကွဲခဲ့သည်။

အဆိုပါ ဖြစ်စဉ်များကြောင့် နိုင်ငံတွင်းရှိ ဟိုတယ်များကို လုံခြုံရေးတင်းတင်းကျပ်ကျပ် ဆောင်ရွက်ရန် ညွှန်ကြားထားပြီး လုံခြုံရေးဆိုင်ရာ သင်တန်းများပါ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ဟိုတယ်၊ ခရီးမှ တာဝန်ရှိသူများက ဆိုသည်။

အောက်တိုဘာလ ၂၁ တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ အင်းလေး ဟိုတယ်ဇုန် များတွင် ဟိုတယ်ဆိုင်ရာလုံခြုံရေး သင်တန်းများကို ဟိုတယ်/ ခရီး ၀န်ကြီးဌာနက တစ်ပြိုက်တည်း ဖွင့် လှစ်ခဲ့ပြီး အောက်တိုဘာလ ၂၅ ထိ သင်တန်းပေးသွားမည် ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ်ပေါင်း ၈၈၁ လုံးနှင့် ၊ အခန်းပေါင်း ၃၂၀၃၁ ခန်း ရှိသည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top