ရန်ကုန်၊ အောက်တိုဘာ ၁၈
မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်သည့် ရန်ကုန်မြို့တော်တွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှုများကို စောင့်ကြည့်အရေးယူရန် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများကို ညွှန်ကြားထားပြီး ဖြစ်ရာ အရေးယူခြင်းမရှိသော မြို့နယ် တာဝန်ခံများကို ထုတ်ပယ်သည်အထိ အရေးယူလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။
အဆိုပါခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှုများကို မြို့နယ်တာဝန်ခံ များ၏ စောင့်ကြည့် အရေးယူမှု များကြောင့် ယခုနှစ် အောက်တိုဘာလအထိ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၁၀၀၀ ကျော်ကို တရားစွဲဆို နိုင်ခဲ့ကြောင်း၊ အရေးယူခြင်း မရှိသော မြို့နယ်တာဝန်ခံ များကို ရာထူး လျှော့ချခြင်း၊ ထုတ်ပယ်ခြင်းစသည့် အရေးယူမှုများကို ဆောင်ရွက်လျက်ရှိရာ မရမ်းကုန်းမြို့နယ် တာဝန်ခံတစ်ဦးကို ရာထူးချကာ ဌာနပြောင်းရွှေ့ အရေးယူခဲ့ကြောင်း ၄င်းကပြောကြားသည်။
"ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်တာ အများဆုံးကတော့ သင်္ဃန်းကျွန်းမြို့နယ်ပါ။ လှိုင်တို့၊ စမ်းချောင်း တို့လည်းများတယ်" ဟု စည်ပင်အရာရှိ တစ်ဦးက ပြောကြားသည်။
တိုက်ခန်း ဝယ်ယူလိုသူများ အနေနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံ များကိုသာ ဝယ်ယူရန်၊ ဝယ်ယူထားသော တိုက်ခန်း အဆောက်အအုံသည် ခွင့်ပြုချက်ဖြင့် တည်ဆောက်ထားခြင်းရှိ မရှိကို သက်ဆိုင်ရာ မြို့နယ် တာဝန်ခံထံ မေးမြန်းနိုင်ကြောင်း၊ YCDC ၏ အင်တာနက်စာမျက်နှာ တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း အင်ဂျင်နီယာဌာန ( အဆောက်အအုံ) ထံမှ သိရသည်။
"ခွင့်ပြုချက်တင်ရင် တစ်လခွဲ လောက်နဲ့ အပြီးလုပ်ပေးတယ် ပြောပေမယ့် သုံးလလောက် ကြာနေတော့ လုပ်ငန်းမှာ ကြန့်ကြာပါတယ်။ ပြောထားတဲ့အတိုင်း မြန်မြန်လုပ်ပေးရင် ခွင့်ပြုချက်မဲ့ ဆောက်တာတွေ လျော့နည်းလာနိုင်တယ်" ဟု တောင်ဥက္ကလာပ မြို့နယ်တွင် ကန်ထရိုက် လုပ်ငန်း လုပ်ကိုင်သူ အသက် ၄၃ ကျော် အရွယ် ကန်ထရိုက်တာတစ်ဦးက ပြောကြားသည်။
ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှုများ လျော့ကျစေရန်နှင့် အဆိုပါ အဆောက်အအုံများကို ပြည်သူများ မဝယ်ယူမိစေရန် အတွက် မြို့နယ်များတွင် ပညာပေးဟောပြောပွဲများ ပြုလုပ်လျက် ရှိပြီး လှိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ် တို့တွင် ဟောပြောပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.