0


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အောက်တိုဘာ ၂၉ ရက်က အလှူပွဲမှ ပြန်လာပြီးနောက် ရွာသူရွာသား အစာအဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အစာအဆိပ်သင့်မှု မဖြစ်ပွားခင် တစ်ရက်က ရွှေပေါ်ကျွန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကိုးတောင်ပြည့် ရွာလုံးကျွတ် ဘုရားပွဲအား အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့ရာ အလှူပွဲတွင် စတုဒိသာအဖြစ် ဒံပေါက်နှင့် ကြက်သားကို ဧည်ခံကျွေးခဲ့ကြောင်း သိရသည်။

"အခုလာရောက်ကုသတဲ့ စာရင်းအရ ပြောရရင်တော့ ရွှေပေါ်ကျွန်းကျေးရွာက ၃၃ ဦး၊ ငွေပေါ်ကျွန်းကျေးရွာက ၃၇ ဦး၊ ဆုံရွာ ကျေးရွာက ၅ ဦး၊ လေးရာကျော် ကျေးရွာက ၇ ဦး၊ သက္ကယ်ကျင်း ကျေးရွာက ၁၃ ဦး စုစုပေါင်း ၉၅ ဦး စတင် ကုသပေးနေပါပြီ။ အစာအဆိပ် သင့်တယ်လို့ပဲ ပြောပါရစေ။ အော့အန်တယ်။ ၀မ်းလျောတယ် စတဲ့လဏ္ခာတွေ အားလုံးမှာ တွေ့ရပါတယ်။ သတင်းရပြီးတဲ့ နောက်ပိုင်း သူနာပြု ဆရာမအင်အား ၂၀ ကျော်နဲ့ လာရောက်ခဲ့ပါတယ်"ဟု မြင်းခြံခရိုင် ကျန်းမာရေးမှူး ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

ရွှေပေါ်ကျွန်း ကျေးရွာ၌ အရေးပေါ် ဆေးကုသမှုပေးရာတွင် လာရောက် ကုသမှုခံယူသူ ဦးငွေက "ကျွန်တော် အလှူမှာ ကူညီဖို့လာခဲ့ပါတယ်။ မနက် ၈ နာရီလောက်က ဒံပေါက်နဲ့ ကြက်သားစားပြီး အိမ်ပြန်ခဲ့ပါတယ်။ ည ၁၂ နာရီလောက်မှာ ၀မ်းပျက်ပြီး စအန်ပါတယ်။ မနက်ကျတော့ ခေါင်းမူးလာလို့ နဘူးအိုင် ကျန်းမာရေး ဆေးခန်းကိုလာပြတော့ တခြားရွာသားတွေလည်း ကျွန်တော့်လို ဖြစ်နေတာ တွေ့ရပါတယ်။ အခုတော့ ဆေးသွင်းထားလို့ သက်သာနေပါပြီ"ဟု ပြောကြားခဲ့သည်။

"ကျွန်မတို့ မနက်ပိုင်းကစပြီး ကုသနေတာ။ လူနာများလာတော့ မြင်းခြံခရိုင် ကျန်းမာရေးက လာရောက် ကူညီပါတယ်။ ဒန်ပေါက်စားတဲ့ လူတွေမှာ အဖြစ်များပါတယ်။ လောလောဆယ်တော့ ဘာကြောင့်လဲ ပြောမရသေးပါဘူး။ ဓာတ်ခွဲခန်းကို ပို့ပြီး အဖြေရလာမှပဲ သိရမှာပါ။ နဘူးအိုင် ကျေးရွာအနီးက ရွာငါးရွာက လူနာတွေပါ"ဟု နဘူးအိုင် ကျေးလက် ကျန်းမာရေး ဆေးခန်းမှ ဆရာမ ဒေါ်ဝင်းထက်က ဆိုသည်။

မြင်းခြံမြို့နယ် သူနာပြု ဆရာမကြီးဖြစ်သူ ဒေါ်ခင်သူဇာမိုးမှ အစာအဆိပ်သင့်မှု ဖြစ်ပွားရာဒေသရှိ ကျေးရွာမှ ရွာသူရွာသားများအား ထိုနေ့က ကျေးရွာအတွင်းရှိ ရေတွင်းရေကန်များအတွင်းသို့ ပိုးသတ်ဆေးများ ဖြန်းကာ ရွာသူ ရွာသားများကိုလည်း ကျန်းမာရေးဆိုင် ရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အစာအဆိပ်သင့် လူနာများအား ဆေးကုသပေးနေစဉ်

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top