0

ဘရာဇီးလ်အသင်း၏ လက်ကျန်ပွဲစဉ်များကို နောက်ကျောဒဏ်ရာဖြင့် လွဲချော်ခဲ့ရသည့် တိုက်စစ်မှူးနေမာသည် အသင်းဖော်များကို ဗီဒီယိုမက်ဆေ့ခ်ျပေးပို့ကာ အားပေးစကားဆိုခဲ့ကြောင်း သိရှိရသည်။

နေမာသည် ကိုလံဘီယာနှင့်ပွဲတွင် ရရှိခဲ့သည့် နောက်ကျောဒဏ်ရာကြောင့် ဆေးရုံတွင်ကုသမှု ခံယူနေရခြင်းဖြစ်သည်။ နေမာက အဆိုပါဗီဒီယိုတွင် “ကျွန်တော့်ရဲ့ ချန်ပီယံအိပ်မက်တွေ အဆုံးမသတ်သေးပါဘူး။ ကျွန်တော့်ရဲ့ အသင်းဖော်တွေက ဒီအိပ်မက်ကို ဖြည့်ဆည်းပေးပါလိမ့်မယ်။ ကျွန်တော်လည်း သူတို့နဲ့အတူ ရှိနေမှာပါ။ မကြာခင် ဘရာဇီးလ်နိုင်ငံသား အားလုံးနဲ့အတူတူ အောင်ပွဲခံမှာပါ” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည့် ဘရာဇီးလ်အသင်းသည် နေမာကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်ရမည် ဖြစ်သည့်အပြင် အသင်းခေါင်းဆောင် နောက်ခံကစားသမား သီယာဂိုဆေးလ်ဗားကိုလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လက်လွှတ်ရမည်ဖြစ်သည်။ ယင်းအခြေအနေကြောင့် ဘရာဇီးလ်အသင်းအနေဖြင့် ဂျာမနီအသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ရလိမ့်မည်ဟု သုံးသပ်မှုများ ရှိနေသော်လည်း နေမာနှင့် သီယာဂိုဆေးလ်ဗားတို့ နေရာတွင် ၀ီလီယံနှင့် ဒန်တေတို့ ၀င်ရောက်လာမည့် ဘရာဇီးလ်အသင်းအနေဖြင့် ဆိုးဆိုးရွားရွား အားနည်းသွားနိုင်ဖွယ် မရှိကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။ ဘရာဇီးလ်နည်းပြ စကိုလာရီသည် အဓိကကစားသမားနှစ်ဦးကို ဆုံးရှုံးထားရသော်လည်း အပြောင်းအလဲကြီးကြီးမားမား ပြုလုပ်ဖွယ်မရှိဘဲ နေမာ၏နေရာတွင် ၀ီလီယံ၊ သီယာဂို ဆေးလ်ဗား၏နေရာတွင် ဒန်တေတို့ကို ထည့်သွင်းကာ ပုံမှန်အတိုင်းဆက်လက် ယှဉ်ပြိုင်သွားလိမ့်မည် ဖြစ်ကြောင်း၊ တိုက်စစ်ပိုင်းတွင် အနည်းငယ်အား လျော့သွားနိုင်သော်လည်း ခံစစ်တွင်မူ ပြဿနာမရှိနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြခြင်းဖြစ်သည်။

ဘရာဇီးလ်အသင်းသည် ယင်းကဲ့သို့ လူစုံပါဝင်နိုင်ခြင်း မရှိသောကြောင့် ဗိုလ်စွဲရန် ရေပန်းစားမှု လျော့ကျခဲ့သော်လည်း အိမ်ရှင်အားသာချက် ရှိနေခြင်းကြောင့် ဆီမီးဖိုင်နယ်ယှဉ်ပြိုင်ရန် နီးကပ်လာချိန်တွင် ဂျာမနီကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု အလေးပေးမှုများ ပြန်လည်မြင့်တက် လာကြောင်းလည်း သိရှိရသည်။

ACM Credit To : Eleven Media Group
http://www.ayechanmon-news1.com/

Photo: ဘရာဇီးအသင်းဖော်များကို ဗီဒီယိုမက်ဆေ့ခ်ျဖြင့် နေမာအားပေး နေမာနှင့် ဆေးလ်ဗားနေရာ ၀ီလီယံနှင့် ဒန်တေ၀င်လာမည်ဟု ခန့်မှန်းထား

Post a Comment

Top