ဆရာဝန်နှင့် သူနာပြုများသည် မည်သည့် အခြေအနေတွင်ဖြစ်စေ ကိုယ်ရှေ့တွင် ဖြစ်ပေါ်လာသည့် အရေးပေါ် ကိစ္စရပ်များကို ၀င်ရောက် ကူညီလေ့ရှိကြသည်။ တရုတ်နိုင်ငံ၊ ဒါလီယန်မြို့ကမ်းခြေတွင် အသက်(၂၅) နှစ်အရွယ်ရှိ သူနာပြု ဆရာမ Yuanyuan သည် မင်္ဂလာဆောင် ဓာတ်ပုံ ရိုက်ကူးမှု ပြုလုပ်ခဲ့သည်။ ယင်းသို့သော အချိန်တွင် သတင်းဆိုးတစ်ခု ကြားခဲ့ရသည်။ ယင်းမှာ နှလုံးရောဂါ ဝေဒနာရှင်တစ်ဦး ရေကူးရင်း အမောဆို့ သွားသောကြောင့် အကူအညီ လိုအပ်နေခြင်း ဖြစ်သည်။ ထို့အတွက်ကြောင့် သူနာပြု ဆရာမလေးသည် အခင်း ဖြစ်ရပ်နေရာကို အရောက်သွားခဲ့သည်။ ယင်းနေရာသို့ ရောက်ရှိသောအခါ သူနာပြု ဆရာမလေးသည် မင်္ဂလာဆောင်ဝတ်စုံနှင့် ဖြစ်သော်လည်း ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘဲ လူနာကို အသက်ပြန်ရှူနိုင်ရန် ကြိုးစားခဲ့သည်။ လူနာ၏ ပါးစပ်ကို တေ့နမ်းပြီး အသက်ပြန်ရှူအောင် ပြုလုပ်ခဲ့သော်လည်း ကံကောင်းခြင်း မရှိဘဲ သေဆုံးသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူနာပြုဆရာမလေး၏ စွမ်းဆောင်မှုကို တရုတ်လူမှု ကွန်ရက်များတွင် ချီးကျူးမှုများ ပြုလုပ်ခဲ့သည်။ ယင်းဖြစ်စဉ်တွင် မင်္ဂလာဝတ်စုံ ၀တ်ဆင်ခဲ့သောကြောင့် အလှပဆုံး သတို့သမီးအဖြစ် ခေါ်ဆိုခဲ့ကြသည်။
ယင်းဖြစ်စဉ်ကို ကြုံတွေ့ခဲ့သော အမျိုးသားတစ်ဦးက မိမိတို့အနေဖြင့် ရေထဲနစ်နေသူကို ကယ်တင်ပေးခဲ့ကြောင်း၊ ရေနစ်သူသည် နှလုံးရောဂါ ခံစားနေရသည့် အခြေအနေမျိုး ဖြစ်နေသောကြောင့် အနီးပတ်ဝန်းကျင်ကို အကူအညီ တောင်းခံခဲ့ကြောင်း၊ ထိုသို့ ပြုလုပ်ရာတွင် နှလုံးရောဂါသည်များကို စောင့်ရှောက်ပေးနေသည့် သူနာပြု ဆရာမ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူနာပြု ဆရာမလေးကလည်း မိမိအနေဖြင့် လူနာအသက်ရှင်ရန် ကြိုးစားခဲ့ကြောင်း၊ မိမိအနေဖြင့် မင်္ဂလာ ဓာတ်ပုံ ရိုက်ကူးနေသော်လည်း လုပ်ငန်းတာဝန်များကို လုပ်ဆောင်ရမည် ဖြစ်သောကြောင့် တာဝန်ယူမှု အပြည့်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူနာပြု ဆရာမလေး၏ ချစ်သူကလည်း အခင်းဖြစ်ရာသို့ သွားရာတွင် မိမိထက် ပိုမြန်ခဲ့ကြောင်း၊ အကူအညီများကို အမြဲတမ်း ပေးနေသူလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
http://messengernewsjournal.com/

Post a Comment
Post a Comment