0

အစိုးရအဟောင်းကနေ အစိုးရအသစ်ကိုပြောင်းဖို့ လပိုင်းပဲ လိုတော့တဲ့ အချိန်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့တော်စည်ပင်ရော၊ စည်ပင်သာယာရေးရော၊ ဆောက်လုပ်ရေးရော၊ အခြားငွေများများသုံးတဲ့ ဌာနတွေရော အရင်နှစ်တွေနဲ့ မတူဘဲ အခုလပိုင်း၊ ရက်ပိုင်းမှာ အတော်ကြီး တက်သုတ်ရိုက် အလုပ်လုပ်နေတာ တွေ့ရတယ်။
ရန်ကုန်မှာဆို မြင်သာထင်သာ အရှိဆုံးက ခုံးကျော်တံတားသုံးခု တစ်ပြိုင်တည်း ဆောက်နေတာတို့၊ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ပလက်ဖောင်းတွေခွာပြီး အုတ်နဲ့ စီနေတာတို့ပေါ့။ နယ်တွေမှာတော့ စည်ပင်နဲ့ ဆောက်လုပ်ရေးက လုပ်နေတဲ့ လုပ်ငန်းတွေပေါ့။
ဒါတောင် ဒီနှစ်ထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် အစိုးရတွေ ပရောဂျက်တွေ၊ လုပ်ငန်းတွေ၊ မြို့သစ်စီမံကိန်းတွေ၊ အထပ်မြင့် အဆောက်အအုံတွေ၊ နိုင်ငံပိုင်စက်ရုံ၊ အဆောက်အအုံ၊ မြေနေရာလွတ်တွေ၊ တိုက်ခန်းတွေ၊ အရောင်းဆိုင်တွေကို အတင်းရော၊ ဇွတ်ရော တင်ဒါတွေ စုပြုံခေါ်ပြီး ရသလောက် ခွာယူသလို လုပ်နေတာ မမြင်ချင်၊ မကြားချင်မှ အဆုံးပဲ။
သမ္မတကိုယ်တိုင် သူ့လူတွေကို တိုင်းသိပြည်သိ ထွက်ပြီး ဟန့်ရတဲ့အထိ၊ ဈေးပိတ်ခါနီးလို့ ရှိသမျှ ကုန်တွေကို ဈေးပေါင်ကျိုးနဲ့ ဒလဟော ချရောင်းသလို၊ စိန်၊ ရွှေ ကျောက်မျက်ရတနာတွေကို အိုးခွက်ပန်းကန် ရောင်းသလို ကန်စွန်းရွက်ဈေး၊ ချဉ်ပေါင်ရွက်ဈေးနဲ့ တွန်းထိုးရောင်းနေတာတွေက တော်တော့်ကို အကြည့်ရ ဆိုးလှတယ်။
အဲလို ရန်ကုန်အပါအဝင် မြန်မာပြည်အနှံ့က မြို့ကြီး၊ မြို့ငယ်တွေမှာ အစိုးရနဲ့ဆိုင်တဲ့ ပရောဂျက်တွေ၊ လုပ်ငန်းတွေ တက်သုတ်ရိုက်နေတာ တွေ့ရတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက မိဘ၊ ဆရာ၊ ဆရာမတွေက ဆုံးမဖူးတဲ့ စကားလေးတစ်ခွန်း သတိရသွားမိတယ်။
ကျွန်တော်တို့ ငယ်ငယ် ကျောင်းသားဘဝက နေ့စဉ် အိမ်စာပေးလိုက်ရင် ပျင်းပြီးမလုပ်တာနဲ့၊ နေ့စဉ်လုပ်ရမယ့် အိမ်အလုပ်တွေကို ပျင်းပြီး မလုပ်တာနဲ့ ဖြစ်နေရင် ဆရာ၊ ဆရာမနဲ့ အဖေ၊ အမေက အလုပ်ဆိုတာ အကြွေးမထားဘဲ ပုံမှန်လုပ်သွားရမယ့် အကြောင်း၊ အကြွေးထားရင် မနိုင်မနင်းဖြစ်ပြီး ဒုက္ခတွေ့တတ်ကြောင်း ဥပမာပေးပြီး ဆုံးမသတိပေးတယ်။
သူတို့ပေးတဲ့ ဥပမာက ရှင်းရှင်းလေးပါ။ ထမင်းကျတော့ နပ်ကျော်ပြီး မစားဘဲ နေတာတို့၊ တစ်ပတ်နေမှ စုစားတာတို့ လုပ်လို့ရသလားတဲ့။ အဲလို လုပ်ရင်လည်း စားပိုးနင့်ပြီး ဒုက္ခရောက်တတ်သလိုပဲ အလုပ်ကို ပုံမှန်မလုပ်ဘဲ ကျော်သွားရင်၊ အကြွေးထားရင် ဒုက္ခတွေ့တတ်ကြောင်း သတိပေးတယ်။
အခုလည်းပဲ နိုင်ငံရဲ့ မြေပေါ်မြေအောက် သယံဇာတတွေ၊ ဟန်ပြ၊ ရှိုးပြ စီမံချက်၊ စီမံကိန်း၊ လုပ်ငန်းတွေ၊ နိုင်ငံတော်နဲ့ ပြည်သူပိုင် ပစ္စည်းတွေကို အနှစ်ငါးဆယ်လုံးလုံး အားရပါးရ တစ်နင့်တစ်ပိုး စားသောက်လာကြတာ အားမရသေးဘဲ ပြည်သူလိုလားတဲ့ အစိုးရသစ်ကို အာဏာလွှဲအပ်ရတော့မယ်လည်း ဆိုရော ဒရောသောပါး လောဘတကြီး စားနေကြတာကို ကြည့်ပြီး ဘယ်အချိန် စားပိုးနင့်ပြီး အန်ထွက်မလဲ သိချင်နေမိတယ်။
အယ်ဒီတာ (၂-၁-၂၀၁၆)
---------------------------
Editor's Word, The Voice Daily Vol-3/No-231


The Voice Weekly

Post a Comment

Post a Comment

 
Top