သတ္တုတူးဖော်ရေး လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ်
ကလေးမြို့နယ် အတွင်းတွင် သတ္တုတူး ဖော်ရန်အတွက် လုပ်ငန်းစတင်နေသော ဖားတောင် သတ္တုတူးဖော်ရေး စီမံကိန်းနှင့် ပတ်သက်၍ အဆိုပါ အနီးဝန်းကျင်တွင်ရှိသော ဒေသခံ ပြည်သူလူထုကို အသိပေးခြင်း မရှိဘဲ လုပ်ဆောင်နေသည်ဟု သိရသည် ။
“အခုဆိုရင် အဲဒီဖားတောင်အနီးမှာ စက်ကြီးတွေ ရောက်နေပါတယ် ။ လောလောဆယ်တော့ သူတို့က လမ်းဖောက်နေတာပေါ့။ လုပ်ငန်းကို သြဂုတ် ၂၉ ရက်က စပြီး လုပ်တယ်လို့ပြောတယ်။ ဒီစီမံကိန်း လုပ်တာ ဒေသခံတွေကို ရှင်းလင်းပြခြင်း၊ ဒေသခံတွေကို အသိပေးခြင်းတွေ ဘာမှမရှိဘူး။ သူတို့ အနေနဲ့က သတ္တုကို တူးဖော်တဲ့ လုပ်ငန်းကို မလုပ်သေးပါဘူး။ ယန္တရားတွေတော့ ချထားတယ်။ သူတို့လုပ်မယ့် ဧရိယာ၂၆ ဧကလောက်လို့ ပြောတယ် ။ သရီးအက်စစ် ( 3S ) ကုမ္ပဏီက ယန္တရားတွေရယ်၊ လမ်းဖောက်တာရယ်၊ စီမံခန့်ခွဲတဲ့ အပိုင်းကို လုပ်တယ်လို့ ပြောပါတယ်။ သူတို့ အကြောင်းပြချက်က ရေဘေးသင့်နေလို့ ဒေသခံတွေ အလုပ်ရှုပ်နေလို့ ရှင်းလင်းပွဲ မလုပ်တာ လို့ ပြောပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ဒေသခံတွေ ဒုက္ခနဲ့ အလုပ်ရှုပ်နေတုန်းမှာ သူတို့အဖွဲ့က အခွင့်ကောင်း ၀င်ယူတယ်လို့ ထင်တာပဲ။ ဒေသခံတွေကို မေးကြည့်တော့ သူတို့လည်း ဒီစီမံကိန်း အကြောင်း ဘာမှမသိတဲ့အပြင် ဘာဖြစ်လာမလဲဆိုတာ စိုးရိမ်ထိတ်လန့် နေကြတယ်” ဟု ချင်းတောင် သဘာဝ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့မှ ကိုထွမ်ပီးက ဆိုသည်။
အဆိုပါ မြွေတောင်၊ ဖားတောင်ဘက်တွင် စီမံကိန်း ပြုလုပ်ရန်အတွက် ၂၀၁၂ နှောင်းပိုင်းတွင် ပြုလုပ်ရန် အတွက် စီစဉ် ဆောင်ရွက်မှုများရှိခဲ့ပြီး ဒေသခံလူမှု အဖွဲ့အစည်းများမှ ပွင့်လင်းမြင်သာသော စီမံကိန်းတစ်ခု ဖြစ်လာစေရန်အတွက် ပြောဆိုမှုများ ရှိခဲ့ပြီးနောက် အဆိုပါ စီမံကိန်း လုပ်ငန်းများကို နောက်သို့ ရွှေ့ဆိုင်းခဲ့သည်ဟု သိရသည်။
“ကျွန်တော်တို့ အနေနဲ့က မြွေတောင် ဖားတောင် စီမံကိန်းကိစ္စကို အရင်တုန်း ကတည်းက စီမံကိန်းကို ကန့်ကွက်ခဲ့တာ။ အခုလည်း ကျွန်တော်တို့ အနေနဲ့က ပွင့်လင်း မြင်သာမှု မရှိတာကို ကန့်ကွက်တယ်။ ဒီလို ကန့်ကွက်တာကလည်း ဒေသခံတွေရဲ့ သဘောထားလည်းပါတယ်။ တောင်းဆိုမှုတွေ ကျွန်တော်တို့ ပြုလုပ်မယ်။ တောင်းဆိုတယ် ဆိုတာကတော့ ဒီစီမံကိန်းကို ဘယ်သူက ခွင့်ပြုပေးထားတာလဲဆိုတာ ကျွန်တော်တို့ သိချင်တယ်။ အခုစီမံကိန်းက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာဆိုတော့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ကို မေးကြည့်တော့ သူတို့က ခွင့်ပြုထားတာ မရှိဘူးလို့ ပြောပါတယ်။ အခု သဘာဝ ဘေးအန္တရာယ် ကျရောက်နေတဲ့ အချိန်ဖြစ်တယ်။ ဒီလိုအချိန်မှာ ပွင့်လင်းမြင်သာမှု မရှိတဲ့ ဒီလိုသယံဇာတ တူးဖော်မှုတွေ လုပ်နေတာကို အပြင်းအထန် ကန့်ကွက်ပါတယ်။ ဒီလို လုပ်နေတာက ဒေသခံတွေရဲ့ သဘောထားမပါဘူး” ဟု အထက်ချင်းတွင်း လူငယ်ကွန်ရက်မှ ကိုကျော်သက်ဝင်းက ဆိုသည်။
Writer:
အောင်သူထွန်း
http://news-eleven.com/

Post a Comment
Post a Comment