0

ချင်းပြည်နယ်အတွင်းမှ ရေဘေးသင့်ဒေသတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ ၁၅ သန်း ထောက်ပံ့မယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောပါတယ်။
ရေဘေးနဲ့ မြေပြိုမှုတွေကို တွေကြုံခဲ့ရတဲ့ ချင်းပြည်နယ်မှာရှိတဲ့ ဟားခါးခရိုင်၊ ဖလမ်းခရိုင်နဲ့ မင်းတပ်ခရိုင်တို့မှာရှိတဲ့ မြို့နယ်တွေမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ADB ရဲ့ ထောက်ပံ့ငွေနဲ့ ဆောင်ရွက်ဖို့ လက်ရှိအချိန်မှာ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်နေတယ်လို့ သူက ပြောပါတယ်။
“အဓိကကတော့ ဒေသခံတွေအတွက် အလုပ်အကိုင်နဲ့ လူနေမှုဘဝ ပြန်လည်ထူထောင်နိုင်ဖို့အတွက် ထောက်ပံ့တာပါ။ အခုလက်ရှိ ရေဘေးသင့်ဒေသတွေကို လေ့လာပြီး ဘယ်ဒေသကို အရင်ဆောင်ရွက်မလဲ ဆိုတာ ညှိနှိုင်းနေပါတယ်” လို့ သူက ဆိုပါတယ်။
ချင်းပြည်နယ်အတွင်းမှာ ရှိတဲ့ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇန်၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီနဲ့ ပလက်ဝမြို့တွေမှာ သဘာဝဘေးအန္တရာယ်ကြောင့် လူနေအိမ်၊ ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်း၊ လမ်းတံတား၊ ဆည်နဲ့ လယ်ယာမြေ ဧက ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၂၇၈၈၉ ဒသမ ၇၄၆ သန်းကျော် ရှိတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
The Voice Weekly

Post a Comment

Post a Comment

 
Top