0

ACM Re-Post 1-6-2014
Written by နော်ကိုကို

(၁၀) ကြိမ်မြောက် လွှတ်တော် အစည်းအဝေးများ ပြန်စလေပြီ။
အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်ပြင်ပ လှုပ်ရှားမှုများ အရှိန်မြင့်တက်နေချိန် မြန်မာ့နွေဦးတွင် အသွက်ဆုံးယန္တရားဟု တင်စားကြသော လွှတ်တော်သုံးရပ်၏ ဒသမအကြိမ် ပုံမှန်အစည်းအဝေးများ၌ မည်သည့် ဥပဒေ အကြောင်းအရာများက ထိပ်တန်း ရောက်လာမည်နည်း။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၌မူ ဆွေးနွေးရန် ဥပဒေ ၅၁ ခု အသင့်ရှိနေသည့် အပြင် ပြင်ဆင်ရမည့် ဥပဒေပေါင်းကလည်း ၂၀၀ နီးပါး ရှိနေသည်ဟု ဆိုသည်။ တစ်ဖက်၌ အသံအကျယ်ဆုံး ထွက်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကလည်း ရှိနေပြန်သည်။

သို့သော် ဒသမအကြိမ် အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥပဒေနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်၊ ပြည်ထောင်စု အဖွဲ့အစည်းဝင်များ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်၊ အသင်းအဖွဲ့၊ လျှပ်စစ်နှင့် ပညာရေးဆိုင်ရာ ဥပဒေများကို ဦးစားပေး ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လျာထားချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် အချို့နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အချို့အကြား လွှတ်တော်အတွင်း အငြင်းပွားမှု ပြင်းထန်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ယခု လွှတ်တော် အချိန်အတွင်း ဦးစားပေး ဆွေးနွေးမည့် စာရင်းတွင် ထည့်သွင်းထားသည်။ ယင်းတွင် လွှတ်တော်ကိုယ်စားလှယ် အပေါ် စွပ်စွဲချက် မခိုင်မာ၍ ရှုံးနိမ့်ပါက ပြန်လည် တရားစွဲဆိုခံရမည့် အချက် ထည့်သွင်းထားကြောင်း ကိုယ်စားလှယ် အချို့ထံမှ သိရသည်။

လစာ၊ ခံစားခွင့်တို့နှင့် ပတ်သက်သည့် ဥပဒေကလည်း လွှတ်တော် အပါအဝင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ အဆောင်အယောင်များကို ပြင်ဆင် သတ်မှတ်လာနိုင်သည့်အတွက် ပြည်သူများ စိတ်ဝင်စားမည့် အကြောင်းအရာ ဖြစ်ပြီး ဆွေးနွေးငြင်းခုံမှုများလည်း ကြုံလိမ့်ဦးမည် ဖြစ်ကြောင်း ကိုယ်စားလှယ်များက ခန့်မှန်းသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ လစာ၊ အသုံးစရိတ်နှင့် အဆောင်အယောင်တို့မှာ ကမ္ဘာတွင် အကြီးဆုံးလွှတ်တော် အဆောက်အအုံများ စာရင်းဝင် နေပြည်တော် လွှတ်တော်ခန်းမများနှင့် မလိုက်ဖက်စွာ နိမ့်ပါးနေခြင်းတို့ကြောင့် ကိုယ်စားလှယ်အများစု ညည်းညူနေပြီး အချို့ကမူ အစိုးရဝန်ထမ်းများကို ဦးစားပေးလိုကြောင်း ထုတ်ဖော် ပြောဆိုမှုများ တွေ့ရသည်။ ယင်းသို့ ကမောက်ကမ အကျိုးခံစားခွင့်များမှာ တိုင်းပြည်ကြွယ်ဝမှုနှင့် တိုက်ရိုက် မသက်ဆိုင်ဘဲ အစိုးရ စီမံခန့်ခွဲမှု အလွဲများကြောင့် လေလွင့်ဆုံးရှုံးမှု ကြီးမားနေ၍ ဖြစ်ရကြောင်း သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ထောက်ပြသည်။

ထပ်မံ၍ မြို့ရွာအနှံ့ ပွဲဆူစေသော ပုဒ်မ (၁၈) ကို ပြင်ဆင်မည့် ဥပဒေကြမ်းသည်လည်း လွှတ်တော်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး လွှတ်တော်၏ အားထုတ်မှုမှာ ပြည်သူ့လိုလားချက်နှင့် မည်မျှ ကိုက်ညီမှု ရှိမည် ဆိုသည်ကို အဖြေပေးဦးမည် ဖြစ်သည့်အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုချိန်ကို စောင့်ရဦးမည် ဖြစ်သည်။

နဝမအကြိမ် အစည်းအဝေးများတွင် မပြီးပြတ်သော ဥပဒေကြမ်းများနှင့် ဒသမအကြိမ်တွင် ဆက်လက်ဆောင်ရွက်ရန် ရှိသည့် ဦးစားပေး ဥပဒေကြမ်း စုစုပေါင်းက ၃၁ ခု ရှိနေပြီး သတင်းမီဒီယာများနှင့် တိုက်ရိုက် သက်ဆိုင်လာမည့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းလည်း ပါဝင်နေသည်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) နှင့် သတင်းစာဆရာများ အလုပ်များလေဦးမည်။

အမျိုးသားပညာရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကိုယ်တိုင် တိုက်ရိုက်ကြီးကြပ် ဆောင်ရွက်နေပြီး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းတို့ကို အမြန်ပြဋ္ဌာန်းပေးရန် သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ သဝဏ်လွှာ ပါးခဲ့သည်။ လူထုအကြား ရေပန်းစားနေသည့် အခြေခံဥပဒေပြင်ဆင်ရေးနှင့် ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းများ ဒသမအကြိမ် လွှတ်တော်သို့ ရောက်ရှိလာနိုင်ခြေ နည်းပါးပြီး အကယ်၍ တင်သွင်းလာပါကလည်း အပြီးသတ် ဆွေးနွေးနိုင်မည် မဟုတ်ဟု ကိုယ်စားလှယ်များက ဆိုသည်။

လုပ်ရင်းသင်၊ သင်ရင်းလုပ် အခြေအနေမှ စခဲ့ရသည့် လွှတ်တော်လုပ်ငန်းများမှာ ပိုမိုပီပြင်လာပြီ ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဌေးဦးက ပြောဆိုလိုက်ပြီး အစိုးရ၊ လွှတ်တော်နှင့် လူထုသုံးရပ်လုံးက ဒီမိုကရေစီ အလေ့အကျင့်များ မရှိသေးသည့် အချိန်တွင် တိုင်းပြည်ကောင်းအောင် အားလုံး ဝိုင်းဝန်း လုပ်ဆောင်နေသည်ဟု မှတ်ချက်ပြုသည်။ သို့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲဖြင့် တက်လာသော လွှတ်တော်မှာ လိုအပ်ချက်များစွာ ရှိသေးကြောင်းကို ပုဒ်မ ၄၃၆ ပြင်ရေး လွှတ်တော်တစ်ခုတည်း အားမကိုးဘဲ လွှတ်တော်ပြင်ပ လှုပ်ရှားမှုများ လုပ်နေရသည့် အချက်က သက်သေခံနေသည်။

အခြားတစ်ဖက်တွင် ၁၉၆၂ ခုနှစ် တပ်မတော်အာဏာသိမ်းချိန်မှ စ၍ အဆက်ပြတ်ခဲ့သော ဒီမိုကရေစီ လွှတ်တော်များကို အချိန်တိုအတွင်း ထိထိရောက်ရောက် ထိန်းကျောင်း မောင်းနှင်နေသည့် ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များကို အသိအမှတ်ပြုမှုလည်း ရှိနေသည်။ လက်ရှိ လွှတ်တော် သက်တမ်းမှာလည်း တစ်နှစ်ခွဲနီးပါးသာ ကျန်တော့သည်။

ဆောင်ရွက်ရမည့် ဥပဒေဆိုင်ရာများကလည်း အောက်ဆုံးမှသည် ထိပ်ဖျားအထိ။ ကိုလိုနီခေတ်အမွေ ဥပဒေများကို ပြင်ဆင်ရန် လိုအပ်နေသလို အသစ်ပြဋ္ဌာန်းရမည့် ဥပဒေများမှသည် အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများသို့တိုင် လက်ကျန် လွှတ်တော် သက်တမ်းအတွင်း ဆောင်ရွက်စရာတွေ များလှသည်။ အချိန်တိုအတွင်း အပြီးသတ်ရမည့် ဥပဒေများ၏ အရည်အသွေးနှင့် အရေအတွက်တို့က လက်ကျန်လွှတ်တော် သက်တမ်းကို အကဲဖြတ်မည့် အဖြေလွှာ ဖြစ်ပေလိမ့်မည်။

(၁၀) ကြိမ်မြောက် လွှတ်တော် အစည်းအဝေးများ ပြန်စပြီ။

Aye Chan Mon Credit To:thevoicemyanmar.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
1

Post a Comment

 
Top