0

ACM RE-Post 18-6-2014
Written by: ငြိမ်းဇော်လင်း၊ အောင်မျိုးသန့်

နိုင်ငံတွင်းရှိ အမှန်တရားများဘက်မှ ရပ်တည်ကာကွယ်ပေးခြင်းသည် နိုင်ငံတော်အား အကောင်းဆုံးအကာအကွယ်ဖြစ်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၇ ရက်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်ရှိ အမေ့အိမ်ပညာဒါနကျောင်း၌ ပြောကြားသည်။

အမေ့အိမ်ပညာဒါနကျောင်းရှိ ကလေးငယ်များအား နောင်ဖြစ်လိုသည့်ဆန္ဒအား မေးမြန်းရာ ကလေးငယ်များက နိုင်ငံကာကွယ်ရန် စစ်ဗိုလ်ဖြစ်လိုသည်၊ ရဲဖြစ်လိုသည်ဟု ဖြေကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့လမ်းညွှန်ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ကိုယ်ရဲ့နိုင်ငံကိုကာကွယ်ဖို့ဆိုရင် နည်းအမျိုးမျိုးရှိတယ်။ သူတစ်ပါးကိုသတ်တဲ့နည်းတွေနဲ့ ကာကွယ်ဖို့မလိုဘူး။ ပထမကာကွယ်ရမှာက အမှန်တရားကို ကာကွယ်ရမယ်။ ကိုယ့်နိုင်ငံမှာ အမှန်တရားဘက်ကို ရပ်တည်ရမယ်။အဲဒါဟာ နိုင်ငံအတွက် အကောင်းဆုံးအကာအကွယ်ပဲ။ စစ်သားလုပ်ချင်တာကို အဘွားသဘောကျတယ်။ ဒါပေမဲ့ ကောင်းတဲ့စစ်သားဖြစ်ရမယ်။ စိတ်သဘောထားလည်း ကောင်းရမယ်။ ဥာဏ်ရည်လည်းကောင်းရမယ်။ ပြည်သူတွေပေါ်မှာလည်း တကယ်စေတနာရှိရမယ်။ သူများတွေကို သတ်ချင်ဖြတ်ချင်တဲ့စိတ် အဲဒီလိုမရှိရဘူး။ လူဆိုးလူမိုက်တွေကိုလည်း ဖမ်းမယ်။ ဒဏ်ပေးမယ်။ အဲဒါဟာ အဓိကမဟုတ်ဘူး။ သူတို့ကို လူကောင်းဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ စဉ်းစားဖို့က အဓိကကျပါတယ်" ဟု ပြောကြားသည်။

ထို့အပြင် နိုင်ငံကာကွယ်ရာတွင် လက်နက်ဖြင့်သာ ကာကွယ်နိုင်ခြင်းမဟုတ်ဘဲ ဆရာ၊ ဆရာမများ ပညာသင်ကြားပေးနေခြင်း၊ ဆရာဝန်များ ဆေးကုသပေးခြင်းစသည်တို့သည်လည်း နိုင်ငံတော်အား ကာကွယ်နေခြင်းသာဖြစ်ကြောင်းနှင့် ပြည်သူအား အကာအကွယ်ပေးနေခြင်းသည် နိုင်ငံတော်အား ကာကွယ်နေခြင်းသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကလေးငယ်များအား လမ်းညွှန်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အမေ့အိမ်ပညာဒါနကျောင်း၌ နံနက် ၉ နာရီတွင် ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများ၊ ကျောင်းသားကလေးငယ်များနှင့် တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များအား မေးမြန်းခဲ့သည်။

အမေ့အိမ်ပညာဒါနကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိစဉ် ကလေးငယ်များက ဇွန် ၁၉ ရက်တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၉) နှစ်ပြည့်မွေးနေ့အတွက် ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်ခဲ့ကြသည်။

ဇွန် ၁၇ ရက် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက်ရှိ အမေ့အိမ် ပညာဒါနကျောင်းမှ ကလေးငယ်များအား မေးမြန်းနေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

Aye Chan Mon Credit To:Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top