ACM RE-Post 18-6-2014
Written by: ၀င်းမောင် (မောင်တော)
နယ်ခြားစောင့်ရဲတပ်ဖွဲ့ အပြောင်းအလဲတွင် မောင်တောခရိုင်အတွင်း တရားမ၀င် နေအိမ်ဆောက်လုပ်မှုများနှင့် လယ်ယာမြေများတွင် ကျူးကျော်နေအိမ် ဆောက်လုပ်ခြင်းများ များပြားလာသဖြင့် အုပ်ချုပ်ရေးပိုင်းမှ စတင်စိစစ်နေပြီဖြစ်ကြောင်း သိရသည်။
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (နစက) တာဝန်ထမ်းဆောင်ချိန်က နေအိမ်နှင့် လူဦးရေစာရင်းများအား စစ်ဆေးခဲ့သော်လည်း ၀န်ထမ်းအချို့ လာဘ်စားကာ တရားမ၀င်နေအိမ်များအား ဆောက်လုပ်ခဲ့ခြင်းနှင့် လယ်ယာမြေများတွင် နေအိမ်များ ကျူးကျော်ဆောက်လုပ်ခြင်းများအား ခွင့်ပြုခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။
“နစက တာဝန်ယူချိန်မှာတော့ နေအိမ်တရားမ၀င် ဆောက်လုပ်တာတွေနဲ့ လူဝင်လူထွက်တွေကို အမြဲတမ်းစိစစ်ခဲ့တယ်။ ဆွဲတင်စစ်လုပ်ငန်းတွေ လုပ်ပြီး သေသေချာချာ လုပ်ခဲ့တယ်။ ဒါပေမဲ့ အကျင့်ပျက်တဲ့ ၀န်ထမ်းတွေက နယ်မြေအလိုက် ငွေကြေးတွေယူပြီး တရားမ၀င် နေအိမ်ဆောက်တာတို့ကို လျစ်လျူရှုခဲ့တာတွေ ရှိတယ်” ဟု မောင်တောမြို့ခံတစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်တွင် ယင်းသို့ တရားမ၀င် နေအိမ်ဆောက်လုပ်ခြင်းနှင့် လယ်ယာမြေ ကျူးကျော်နေအိမ် ဆောက်လုပ်ခြင်းများအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက စိစစ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့တင်ပြရန် ညွှန်ကြားထားကြောင်းနှင့် တရားမ၀င် နေအိမ်ဆောက်လုပ်မှုများအား စည်ပင်ဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“အခု နေအိမ်တွေ တရားမ၀င် ဆောက်နေတာတို့၊ ခွင့်ပြုချက်မရဘဲ နေအိမ်ပြင်တာတို့နဲ့ လယ်ယာမြေတွေမှာ ကျူးကျော်နေအိမ် ဆောက်လုပ်တာတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို တင်တယ်။ ရရှိတဲ့ စာရင်းတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်စည်ပင်သာယာကို အမှုဖွင့်အရေးယူရန် ကိစ္စဆိုပြီး စာပို့တယ်။ တရားမ၀င် နေအိမ်ဆောက်လုပ်နေသူတွေကို ရပ်ထားဖို့ အကြောင်းကြားစာ ပို့ထားတယ်။ တရားမ၀င်ဆောက်လုပ်တာ မှန်ရင်တော့ စည်ပင်သာယာရေး ဥပဒေအရ အရေးယူဖို့ ရှိတယ်” ဟု မောင်တောမြို့နယ် စည်ပင်သာယာရေးရုံးမှ အမှုဆောင်အရာရှိက ပြောကြားသည်။
တရားမဝင် ဆောက်လုပ်ခဲ့သည့် နေအိမ်များအား နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စိစစ်ဆောင်ရွက်နေပြီး စည်ပင်သာယာရေးသို့ ရောက်ရှိနေသည့် စာရင်းများအရ တရားမ၀င် အဆောက်အအုံပေါင်း တစ်ရာနီးပါးရှိပြီး ၎င်းတို့အား ဆောက်လုပ်မှုရပ်ဆိုင်းထားကာ အထောက်အထားများ တောင်းခံထားကြောင်း မြို့နယ်စည်ပင်သာယာရေးရုံးမှ သိရသည်။
“အခု စာရင်းတွေ ရလာတာကို လယ်ယာမြေတွေပေါ်မှာ နေအိမ်ဆောက်လုပ်တာ ဟုတ်မဟုတ် သေသေချာချာ စိစစ်နေဆဲ ဖြစ်ပါတယ်” ဟု မြို့နယ်မြေစာရင်း ဦးစီးမှူးက ဆိုသည်။
မောင်တောခရိုင်အတွင်းရှိ လယ်ယာမြေများတွင် ကျူးကျော်ဆောက်လုပ်ထားသည့် နေအိမ်များအား တွေ့ရစဉ်
Aye Chan Mon Credit To:Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment