0

ACM RE-Post 18-6-2014
Written by: ဌေးလှအောင်

ကျူးကျော်နေထိုင်သည်ဟုဆိုကာ သက်ဆိုင်ရာမှ အင်အားသုံး ဖယ်ရှားခံရသည်မှာ တစ်လကျော် ကြာမြင့်ပြီဖြစ်သော်လည်း စိမ့်စမ်းရည် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ မိဘမဲ့ ကလေးငယ်များမှာ အမိုးအကာများအောက်တွင် ပညာသင်ကြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာရှိ စိမ့်စမ်းရည် ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ မိဘမဲ့ကလေးငယ်များမှာ လက်ရှိအချိန်၌ ကျောင်းဖွင့်ရာသီသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကျောင်းအတွင်း ပညာသင်ကြားနိုင်ရန်အတွက် ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

“လက်ရှိအချိန်မှာတော့ အလှူရှင်တွေ လာရောက်လှူဒါန်းကြလို့ အတော်အသင့် အဆင်ပြေနေပါပြီ။ လာရောက်လှူဒါန်းကြတဲ့ သူတွေကိုလဲ ဦးဇင်းအနေနဲ့ ကျေးဇူးတင်ပါတယ်။ ကျူးကျော်တယ်ဆိုပြီး ဖယ်ရှားခံလိုက်ရတော့ ကလေးတွေအတွက် ပညာရေး အခက်အခဲတွေကတော့ အများကြီး ဖြစ်သွားပါတယ်။ ကလေးတွေ စာသင်ဖို့အတွက် အဆောက်အအုံအချို့က ဆောက်လုပ်နေဆဲ ဖြစ်သလို စာသင်ခုံတွေနဲ့ အခြားလိုအပ်ချက် အချို့တွေလည်း ရှိနေပါသေးတယ်။ လက်ရှိအချိန်မှာ ကျောင်းအတွင်း စာသင်နေကြတဲ့ ကလေးတွေအတွက်ကတော့ အဆောက်အအုံအောက် မသင်နိုင်သေးတော့ သစ်ပင်ရိပ်တွေ အောက်မှာပဲ အဆင်ပြေသလို သင်ပေးနေရတယ်” ဟု စိမ့်စမ်းရည် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် ဦးဥတ္တမက မိန့်ကြားသည်။

စိမ့်စမ်းရည် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ မိဘမဲ့ ကလေးငယ်များမှာ ဒေသအသီးသီးမှ ရောက်ရှိလာကြခြင်းဖြစ်ပြီး မူလတန်းမှ တက္ကသိုလ်အဆင့်အထိ တက်ရောက်ပညာသင်ကြားနေကြကြောင်း သိရသည်။

ဖယ်ရှားခံခဲ့ရသည့် မိဘမဲ့ကလေးငယ် ၁၀၀ ၀န်းကျင်ခန့်အတွက် လက်ရှိအချိန်တွင် အလှူရှင်များ လာရောက်လှူဒါန်းမှုများကြောင့် အဆင်ပြေမှုအချို့ ရှိနေပြီဖြစ်သော်လည်း အဓိက ပညာသင်ကြားနိုင်ရန်အတွက် စာသင်ခုံနှင့် အခြားပရိဘောဂပစ္စည်းများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

စိမ့်စမ်းရည် ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား ကျူးကျော်နေထိုင်သည်ဟုဆိုကာ ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့မှ မေ ၁၆ ရက်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အင်အားသုံးဖယ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ကျောင်းတိုက်ဆရာတော်၏ မိန့်ကြားချက်များအရ သိရသည်။

သစ်ပင်ရိပ်အောက်တွင် စာသင်နေကြသည့် မိဘမဲ့ကိုရင်များနှင့် သီလရှင်လေးများအား တွေ့မြင်ရစဉ်

Aye Chan Mon Credit To: Eleven Media Group
http://www.ayechanmon-news1.com/

Post a Comment

 
Top