ACM Re-Post 2-6-2014
Written by: ရန်မျိုးအောင်
ဧရာဝတီသတင်းဂျာနယ်မှ အကြီးတန်း သတင်းထောက်ဖြစ်သူမှ သတင်းရယူမှုကို လှိုင်သာယာမြို့နယ်ရှိ ခ.မ.ရ ၅၃၂ ခြေမြန်တပ်ရင်းမှ တပ်ပိုင်မြေအတွင်း ၀င်ရောက်မှုဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့မရဲစခန်း၌ အဆိုပါတပ်မှ တပ်ထောက်ဗိုလ်ကြီး ကျော်စိုးလွင်က တရားလိုပြုလုပ်ကာ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်ထားကြောင်း ဇွန် ၁ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ဖြစ်စဉ်မှာ ယင်းတပ်မြေအတွင်း လယ်လုပ်ငန်းလုပ်ကိုင်သည့် လယ်သမား ကိုအောင်မင်းလှိုင်က ၎င်းတို့အား တပ်မှဖယ်ရှားခိုင်းသည့် ကိစ္စနှင့်ပတ်သက်၍ ဧရာဝတီဂျာနယ်သို့ သတင်းယူရန် ဆက်သွယ်ရာမှ အကြီးတန်း သတင်းထောက်ဖြစ်သူ ကိုကျော်ထွန်းမှ မေ ၃၁ ရက် ညနေပိုင်း ၅ နာရီအချိန်တွင် အဆိုပါနေရာသို့ သတင်းရယူကြောင်း သိရသည်။
“လယ်သမားမိသားစုကို ဖြစ်စဉ်မေးနေတုန်းည ၈ နာရီလောက်မှာ လူအယောက် ၃၀ လောက် တုတ်၊ ဓားတွေကိုင်ပြီး အိမ်ပေါ်တက်လာကြတယ်။ မီးမှိတ်ခိုင်းတယ်။ ဟိုက ထမင်းစားမှာပြောပြပြီး မမှိတ်တော့ မီးချောင်းတွေကို ရိုက်ခွဲတယ်။ ကျွန်တော်ကိုတော့ တပ်ကြပ်ကြီး အေးသိန်းဆိုသူက အိမ်အပြင်ဘက်ကို အတင်းဆွဲချတယ်။ အောက်ရောက်တော့ သုံးယောက်လောက် ၀ိုင်းထိုးတယ်။ ဆိုင်ကယ်နဲ့ သူတို့တပ်ထဲခေါ်သွားပြီး မေးတော့ သတင်းယူတယ်ဆိုတာ ပြောပြတယ်” ဟု ဧရာဝတီ သတင်းဂျာနယ်မှ အကြီးတန်းသတင်းထောက် ကိုကျော်ထွန်းက ပြောကြားသည်။
ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံထားရသည့် ကိုကျော်ထွန်းကို အာမခံဖြင့် ထုတ်ယူခဲ့ပြီး သတင်းထောက် ကိုကျော်ထွန်းဘက်မှလည်း လုယက်မှု၊ နာကျင်စေမှုပုဒ်မဖြင့် အမှုဖွင့်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်က တပ်မြေထဲ တရားဝင် နေထိုင်တဲ့သူပါ။ ကျူးကျော်နေတာ မဟုတ်ဘူး။ ဗိုလ်မှူး အဆက်ဆက်ကတည်းက ဒီလယ်လုပ်ပါတယ်ဆိုပြီး စာချုပ်စာတမ်းနဲ့ တစ်ဧက ၂၃ တင်းပေးပြီး လယ်လုပ်နေတာ။ ဒီမြေမှာပဲ တပ်က ဓာတ်အားယူသုံးတဲ့ ကေတီဗီ၊ မာဆက်အပြင် တခြားလုပ်ငန်းတွေလည်း အများကြီးရှိပါတယ်။ အားလုံးကို ဖယ်ခိုင်းရင် ဖယ်မှာပါ” ဟု ယင်း ခ.မ.ရ ၅၃၂ ခြေမြန်တပ်ရင်းအတွင်း လယ်လုပ်ကိုင်သူ ကိုအောင်မင်းလှိုင်က ပြောကြားသည်။
ခ.မ.ရ ၅၃၂ ခြေမြန်တပ်ရင်း ပိုင်မြေပေါ်၌ လုပ်ကိုင်နေသည့် လယ်သမားခြောက်ဦး၏ လယ်ဧကပေါင်း ၁၀၆ ဧကရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လှိုင်သာယာရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
ဧရာဝတီသတင်းဂျာနယ်မှ အကြီးတန်း သတင်းထောက်ဖြစ်သူ ကိုကျော်ထွန်းက ရှင်းပြနေစဉ်
Aye Chan Mon Credit To:Eleven Media Group
https://www.facebook.com/excellencemedia
ayechanmon-news1.com

Post a Comment