မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း ခရီးသွား ၀င်ရောက်မှုမှာ ပိုမိုများပြား လာသည့်အပြင် ဟိုတယ်လိုင်စင် လျှောက်ထားမှုများနှင့် လိုင်စင်ချထားပေးမှုများကြောင့် ဟိုတယ်အရေအတွက်များ ပိုမိုတိုးတက်လာကာ ယခုနှစ် နိုဝင်ဘာလ အတွင်းမှာပင် ဟိုတယ် ၁၆ လုံးနှင့် ဟိုတယ်အခန်းပေါင်း ၁၆၀၀ ကျော် တိုးတက်လာခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဝန်ကြီးဌာနမှ သိရသည်။
ယခုနှစ် အောက်တိုဘာလကုန် အထိစာရင်းများအရ တစ်နိုင်ငံလုံးတွင် ဟိုတယ်အလုံးပေါင်း ၈၉၁ လုံးရှိကာ အခန်းပေါင်း ၃၂၃၉၁ ခန်းရှိခဲ့ပြီး နိုဝင်ဘာလတွင် လိုင်စင်ချထားပေးပြီးသော ဟိုတယ် အလုံးပေါင်း ၉၀၇ လုံးနှင့် အခန်းပေါင်း ၃၄၀၇၆ ခန်း ရှိကြောင်း သိရသည်။
"လစဉ်ကို ဟိုတယ်ခန်းတွေ တိုးလာနေပါတယ်။ ဒီနိုဝင်ဘာလထဲမှာကိုပဲ ရန်ကုန်တိုင်း ဒေသကြီးမှာ ဟိုတယ်က လေးလုံးနဲ့ အခန်း ၁၅၀ ကျော်လောက် တိုးလာပါတယ်" ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဦးက ပြောကြားသည်။
ယခင်နှစ်များအတွင်း ခရီးသွားအ၀င်နှင့် ဟိုတယ်အခန်းများ ညီမျှမှုမရှိဘဲ မလုံလောက်ဖြစ်ပြီး ဟိုတယ်ဈေးနှုန်းများလည်း မတည်ငြိမ်ဖြစ်ခဲ့ပြီး၊ လက်ရှိအချိန်တွင် ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ လာရောက်သည့် ခရီးသွားများနှင့် မိမိအစီအစဉ်နှင့် မိမိလာရောက်ကြသည့် ခရီးသွားများလည်း ပိုမိုဝင်ရောက်လျက်ရှိကာ အဆိုပါ ခရီးသွားများ စိတ်ဝင်တစား သွားရောက်နေသည့် နယ်ဒေသအချို့တွင် ဟိုတယ်ခန်း လိုအပ်ချက် ရှိနေသေးကြောင်း သိရသည်။
"ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ တောင်ကြီး တွေမှာက သူ့နေရာနဲ့သူတော့ အဆင်ပြေနေပါပြီ။ အခုလိုအပ်နေသေးတာက ချင်းပြည်နယ်။ အခုကဟိုတယ်တော့ ဆောက်နေပါတယ်။ ဒါပေမဲ့ နောက်နှစ် ခရီးသွား ရာသီမှစပြီး ဖွင့်နိုင်မယ်ထင်တယ်။ ပြီးတော့လည်း ဟိုတယ်ကြီးတွေဆိုတော့ ဈေးတော့ နည်းနည်းမြင့်တာပေါ့။ ဈေးသက်သာတဲ့ Guest House လိုမျိုး လေးတွေလည်း လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ အခုနောက်ပိုင်းက F.I.T တွေက ပိုဝင်လာကြတာလေ။ သူတို့က လိုင်းကားတွေနဲ့ပဲ လျှောက်သွားနေကြတာ။ တချို့ဆို ကားခေါင်းမိုးပေါ်ကနေတောင် လိုက်စီးပြီး သွားလာကြတာမျိုးဆိုတော့ ဈေးသက်သာတဲ့ နေရာမျိုးတွေကိုပဲ လိုက်ရှာတည်းကြတာ ဆိုတော့ Guest House တွေ လိုအပ်လာတာပေါ့။ နောက်တော့ ရှမ်းပြည်နယ်မှာဆိုရင် သီပေါလိုနေရာမျိုး။ မနှစ်ကစပြီး အင်္ဂလိပ်လူမျိုးတွေ အ၀င်များလာတယ်။ အဓိကသီပေါမှာက ဂုတ်ထိပ်ရထား စီးတာပဲ။ နောက်ပြီး ဟော်နန်းလည်းရှိတယ်။ မြစ်ထဲမှာ လှေစီးတာတို့၊ တောင်တက်တာတွေ လုပ်လို့ရတယ်။ သီပေါမှာက ဟိုတယ်က မရှိတာ မဟုတ်ဘူး။ မလောက်တာ။ နည်းသေးတယ်" ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြားသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာမှ စိတ်ဝင်စားခြင်းကို ယခုနှစ်ပိုင်းတွင် ပိုမိုရရှိလာကာ နိုင်ငံတွင်းသို့ ကမ္ဘာလှည့် ခရီးသွားများ အ၀င်များပြားလာသည့်အပြင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံရန် လာရောက်လေ့လာမှုလည်း များပြားလျက်ရှိသည်။
(ဒီဇင်ဘာ ၆ ရက်က ဖွင့်လှစ်ခဲ့သော နေပြည်တော် ဒက္ခိဏမြိုနယ် ဟိုတယ်ဇုန်(၃)ရှိ Famous PARAMI Hotel ဖွင့်ပွဲကျင်းပနေစဉ်)
Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Eleven Media Group

Post a Comment