0


တယ်လီနော် ကုမ္ပဏီ၏ ဖုန်းလိုင်းတွင် ကြားဖြတ်နားထောင်မှုများကို လူတစ်ဦး တစ်ယောက်ချင်းစီအပေါ် မပြုလုပ်နိုင်ရန် ကာကွယ်ပေး သွားမည်ဖြစ်ပြီး အစိုးရအနေနှင့် ဖုန်းကြားဖြတ် နားထောင်မှုများနှင့် ပတ်သက်၍ တိကျသည့် စည်းမျဉ်းများ ထုတ်ပြန်ပေးရန် လိုလားကြောင်း တယ်လီနော် မြန်မာ၏ စီအီးအို မစ္စတာပတ်တာဖားဘတ်က ပြောကြားသည်။

''တရားဥပဒေအရ ဖုန်းလိုင်းဖြတ် နားထောင်ခွင့်ကို ဘယ်သူက ဘယ်အချိန်မှာ အမိန့်ပေးနိုင်တယ်၊ ဘယ်လိုလူက စောင့်ကြပ်ကြည့်ရှုမယ်ဆိုတာ တိတိကျကျ ထုတ်ပြန်ပေးဖို့ ၀န်ကြီးထံ စာတင်ထားပါတယ်။ ရာဇ၀တ်မှု အကြီးကြီး ကျူးလွန်တယ်လို့ ဆုံးဖြတ်ခံရသူအတွက် ဖုန်းလိုင်းဖြတ် နားထောင်မယ် ဆိုတာကတော့ လုပ်သင့်ပါတယ်။ ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပေးမယ်လို့ မျှော်လင့်ပါတယ်'' ဟု မစ္စတာပတ်တာဖားဘတ်က ပြောကြားသည်။

တယ်လီနော် ကုမ္ပဏီအနေနှင့် ၎င်းလုပ်ကိုင်သော နိုင်ငံတိုင်းတွင် ဥပဒေကို လိုက်နာကြောင်းနှင့် အဆိုပါ ဥပဒေကလည်း ရှင်းလင်းပြတ်သားသည့် ဥပဒေဖြစ်ရန် လိုကြောင်း ၎င်းကဆိုသည်။

''တယ်လီနော်က တစ်ဦးတစ်ယောက်ချင်းကို ကာကွယ်ပေးသွားမယ်။ ဥပဒေကိုတော့ လိုက်နာပါမယ်။ ဥပဒေအရ ကြားဖြတ် နားထောင်ခြင်းဟာ ပြစ်မှုကြီးတွေကို ကာကွယ်ပေးရာမှာ အထောက်အကူ ပေးနိုင်တာလည်း ရှိပါတယ်'' ဟု တယ်လီနော် မြန်မာ၏ စီအီးအိုက ဆက်လက် ပြောကြားသည်။

မကြာသေးမီက အော်ရီဒူးကုမ္ပဏီက ၎င်းတို့၏ ဖုန်းလိုင်းများကို ကြားဖြတ်နားထောင်ခြင်း မပြုလုပ်နိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း ပြည်တွင်း စာနယ်ဇင်း အချို့တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် တယ်လီနော်ကုမ္ပဏီနှင့် အော်ရီဒူး ကုမ္ပဏီများကို ရွေးချယ်ထားပြီး ဆက်သွယ်ရေး နည်းဥပဒေများလည်း ပေါ်ထွက်လာပြီ ဖြစ်သဖြင့် ၂၀၁၃ ခုနှစ် မတိုင်မီ လိုင်စင်ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

၎င်းကုမ္ပဏီနှစ်ခုက လိုင်စင်ရရှိအပြီး ရှစ်လအကြာတွင် ၎င်းကုမ္ပဏီများ၏ ဆင်းမ်ကတ်များကို စတင်ရောင်းချမည် ဖြစ်သဖြင့် ၂၀၁၄ နှစ် နှစ်လယ်ခန့်တွင် ၎င်းတို့၏ ၀န်ဆောင်မှုများကို စတင်ရရှိဖွယ် ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် တယ်လီနော် အနေနှင့် ကွန်ရက်များ တည်ဆောက်ရန် သက်ဆိုင်ရာ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ဆွေးနွေးနေပြီး ၎င်းတို့၏ ဆင်းမ်ကတ်များ ဖြန့်ချိပေးမည့် ကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

(မိုဘိုင်းဖုန်းများမှာ နေ့စဉ်ဘ၀တွင် အရေးပါလာပြီး လူငယ်များ မိုဘိုင်းအသုံးပြုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကေခိုင်ဝင့်))

အေးချမ်းမွန် Credit To > Eleven Media Group https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top